ဒေသခံနှင့် နိုင်ငံသားဖြစ်ခြင်းကြောင့် ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် လက်ခံ လိုက်ခြင်းဖြစ်၊ ထုတ်ပယ်လိုက်ခြင်းနှင့်အတူ လက်ရှိ ဦးရွှေမောင်၏ ပြောဆို လုပ်ကိုင်နေမှုများသည် ပါတီနှင့်သက်ဆိုင်ခြင်းမရှိဟု ပြည်ခိုင်ဖြိုး ပါတီပြောကြား

အကြမ်းဖက်မှုပုဒ်မဖြင့် အမှုခွင့်ခြင်းခံထားရသည့် ပြည်ခိုင်ဖြိုး ကိုယ်စား လှယ်ဟောင်း ဦးရွှေမောင်သည် ၂၀၁၀ ကာလတွင် နိုင်ငံသားဖြစ်ခြင်း၊ ဒေသခံများ၏ ထောက်ခံမှုရှိခြင်း တို့ကြောင့် ပါတီဝင်အဖြစ် လက်ခံ လိုက်ရခြင်းဖြစ်ပြီး ယခုအခါ ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ပြီး ဖြစ်သောကြောင့် ၄င်း၏ပြောဆို လုပ်ကိုင်နေသော အရာများသည် ပါတီနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ရှင်းလင်းပြောကြားသည်။
 
စက်တင်ဘာလ ၁၀ ရက်က ရန်ကုန်မြို့၊ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီ တိုင်းရုံးချုပ်တွင် ကျင်းပခဲ့သော အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက် လာသည့် ရခိုင်ပြည်နယ်အရေး ဆွေးနွေးပွဲ ခေတ္တခဏ ရပ်နားချိန်တွင် ပါတီ၏ပြောရေးဆိုခွင့်ရှိသူက သတင်းမီဒီယာများကို ရှင်းလင်းပြော ကြားခဲ့သည်။
 
`၂၀၁၀ မှာ တပ်မတော်အစိုးရကနေပြီး ဒီမိုကရေစီ အသွင်းကူးပြောင်းဖို့ အစိုးရပြောင်းလဲဖို့ အတွက်ကို ရွေးကောက်ပွဲတွေ ကျင်းပပေးတယ်ပေါ့။ အဲဒီအချိန်မှာ ကော်မရှင်တွေ ဖွဲ့တယ်။ ကျွန်တော်တို့လည်း အသင်းကနေ ပါတီအဖြစ် ပြောင်းခဲ့ကြတယ်။ ပြောင်းခဲ့ကြတဲ့အချိန်မှာ ကော်မရှင်က လည်း အသစ်ပေါ့။ ကျွန်တော်တို့ တွေကလည်း တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ အဲဒီတုန်းကတော့ ဒေသခံလည်း ဖြစ်တယ်။ နိုင်ငံသားလည်း ဖြစ်တဲ့အတွက် ဒေသခံတွေရဲ့ ထောက်ခံမှုလည်း ရှိနေတာဖြစ်တဲ့ အတွက် ကျွန်တော်တို့ပါတီကနေ ကိုယ်စားလှယ်အဖြစ် တင်တယ်။ တင်တဲ့အပေါ်မှာ ကော်မရှင်ကလည်း ကန့်ကွက်ခဲ့မှု မရှိဘူး။ ဒေသခံတွေကလည်း ကန့်ကွက်ခဲ့မှု မရှိဘူး။ မရှိဘဲနဲ့ ဦးရွှေမောင်နိုင်တယ်။ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်အဖြစ် ပါလာတယ်` ဟု ၄င်းကပြောကြားသည်။
 
ဆက်ပြီး ဒေါက်တာနန္ဒာလှမြင့်က `ဒါပေမယ့် ၂၀၁၅ ကြတော့ ကော်မရှင် ကလည်း အတွေ့အကြုံရပြီ။ ကျွန်တော်တို့ကလည်း အဲဒီအချိန်မှာ ကျွန်တော်ပါတီဝင်တွေကို စိစစ်တဲ့ လုပ်ငန်းစဉ်တွေဟာလည်း တော်တော်လေး ခိုင်ခိုင်မာမာဖြစ်ပြီ။ အဲဒီအချိန်မှာ ပြန်လည်စိစစ်တဲ့ အခါမှာ ကျွန်တော်တို့က ဦးရွှေမောင်ကို ကိုယ်စားလှယ်အဖြစ် မရွေးခဲ့ဘူး။ မရွေးခဲ့တဲ့အချိန်မှာ ဦးရွှေမောင်က တစ်သီးပုဂ္ဂလ ၀င်ပြိုင် မယ်ဆိုပြီးတော့မှ တင်ပြတယ်။ တင်ပြတဲ့အချိန်မှာ ကျွန်တော်တို့ပါတီ စည်းမျဉ်းစည်းကမ်းအရ ကျွန်တော်တို့ ပါတီကနေ ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ခြင်း မခံရတဲ့ ပုဂ္ဂိုလ်က မိမိဆန္ဒသဘောအရ တစ်သီး ပုဂ္ဂလသော်လည်းကောင်း၊ အခြာပါတီတစ်ခုခုကနေ သော်လည်းကောင်း ရွေးချယ်မယ်ဆိုရင် ပါတီကနေ နုတ်ထွက်ဖို့လိုတယ်။ ဒါပါတီစည်းမျဉ်းအရ။ အဲဒီအခါမှာ ဦးရွှေမောင်က တစ်သီးပုဂ္ဂလ ၀င်ရွေးမယ်ဆိုပြီး ပါတီကနေ နုတ်ထွက်တယ်။ ကျွန်တော်တို့ကလည်း ၂၀၁၅ သြဂုတ်လ ၃၁ ရက်မှာ ထုတ်ပယ်လိုက်တယ်။ အဲဒီကတည်းက ဦးရွှေမောင်က ပါတီက ထုတ် ပယ်ပြီးဖြစ်တယ်။ ဒါကြောင့် ဒီနေ့ ဦးရွှေမောင် ပြောဆိုလုပ်ကိုင်နေ တာတွေသည် ပါတီနဲ့ လုံးဝသက်ဆိုင်ခြင်း မရှိဘူးလို့ တိတိကျကျ ပြောချင် ပါတယ်´ ဟု ရှင်းလင်းပြောကြားသည်။
 
ဦးရွှေမောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်အဖြစ် ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် ၀င်ရောက်ရွေးချယ်ကာ အနိုင်ရရှိခဲ့သည်။ ယခုခါ ဦးရွှေမောင် (ခ) အဒူရော်ဇတ်သည် အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
 
အောင်ရဲနောင်
The Ladies News

 

Vote: 
Average: 2 (1 vote)

Add new comment