နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရေးစပ်ထားသည့် မျှော်လင့်ချက် တစ်စုံတစ်ရာ သီချင်းဖြင့် ASEAN +3 သီချင်းပြိုင်ပွဲတွင် ပူးတွဲ ဒုတိယရခဲ့သည့် နီနီခင်ဇော်၏ ပြိုင်ပွဲဝင် သီဆိုမှု ရုပ်သံ ဗီဒီယိုဖိုင်

သြဂုတ် ၁၇ မှ ၂၀ အထိ ဗီယက်နမ်နိုင်ငံ Thanh Hoa ပြည်နယ်ရှိ Sam Son FLC တွင် ကျင်းပခဲ့သည့် ASEAN + 3 သီချင်းဆိုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အမျိုးသမီး Pop အဆိုတော် နီနီခင်ဇော်က မျှော်လင့်ချက် တစ်စုံတစ်ရာ သီချင်းဖြင့် ပူးတွဲ ဒုတိယဆု ရခဲ့သည်။ အဆိုပါ သီချင်းကို တေးရေး ဆောင်းဦးလှိုင်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရေးစပ်ထားခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် နီနီခင်ဇော်က အဆိုတော် အောင်ထက် (ပြိုင်ပွဲဝင်အမည် သက်ဇင်ဌေး)၏ တီးခတ်ပေးမှုနှင့်အတူ သီဆိုယှဉ်ပြိုင်ခဲ့သလို ပရိုဂျက်တာတွင်လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်အချို့ကို နောက်ခံ တင်ဆက်ပြသခဲ့သည်။

အဆိုပါပြိုင်ပွဲကို အာဆီယံတည်ထောင်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် အာဆီယံနိုင်ငံများအတွင်း ယဉ်ကျေးမှုနှင့် ချစ်ခင်မှုများ တည်ဆောက်နိုင်ရေးအတွက် ကျင်းပခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲကို ဗီယက်နမ်ရေဒီယို VOV က ၄င်းတို့ ၏ ရေဒီယိုသတင်းဌာန တည်ထောင်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် လက်ခံကျင်းပခဲ့ပြီး အာဆီယံဒေသတွင်း ၁၁ နိုင်ငံအချို့မှ အဆိုတော်များ အပါအ၀င် Plus Three ( + 3 ) ကို ကိုယ်စားပြုသည့် တရုတ်၊ဂျပန်နှင့် တောင်ကိုရီးယားမှ အဆိုတော်များလည်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

တရုတ်မှ နာမည်ကျော် အဆိုတော် Wu Jiang ၊ ဂျပန်မှ The Bell တို့ အပါအ၀င် ပြိုင်ပွဲဝင် ၁၁ နိုင်ငံမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်ရှိ အဆိုတော် ၂၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ဒိုင်လူကြီးများအဖြစ် ဗီယက်နမ်သီချင်းရေးဆရာ Do Hong Quan, ဗီယက်နမ် ဂီတပညာရှင်များအဖွဲ့ ချုပ် ဥက္ကဋ္ဌနှင့် အဆိုတော်တစ်ဦးဖြစ်သူ Nguyen Ngoc Anh. တို့ အပါအ၀င် အာဆီယံဒေသတွင်းမှ နာမည်ကျော် ဂီတပညာရှင်များက ဒိုင်လူကြီးများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် ပထမဆုကို ဖိလစ်ပိုင်အဆိုတော် Darlin Joy Baje က ရရှိခဲ့ပြီး ပူးတွဲဒုတိယဆုကို နီနီခင်ဇော်နှင့်အတူ အိမ်ရှင်ဗီယက်နမ်မှ ဆယ်ကျော်သက် Pop အဆိုတော် ဖန်သီသူလန်က ရရှိခဲ့သည်။ သြဂုတ် ၃၁ တွင် ၂၆ နှစ်ပြည့်မည့် နီနီခင်ဇော်အတွက် မွေးနေ့ မတိုင်မီ အမှတ်တရ နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အမျိုးသမီးများကသာ ဆွတ်ခူးသွားကြသည်ကလည်း ထူးခြားမှု တစ်ရပ်ဖြစ်ခဲ့သည်။

The Ladies News

 

Vote: 
No votes yet

Add new comment