ကလေးမြို့တွင် ၁၁ ကြိမ်မြောက်အဖြစ် မျက်စိဝေဒနာရှင်များအား အခမဲ့ဆေးကုသပေးမည်

ကမ္ဘာ့သာသနာပြု သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ၏ စီစဉ်မှုဖြင့် စစ်ကိုင်းတောင်ရိုး သီတဂူသာသနာပြုအဖွဲ့က ကြီးမှူး၍ ကလေးမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား ကလေးမြို့ သီတဂူ အာရောဂျဒါန ဆေးရုံတော်၌ ၁၁ ကြိမ်မြောက် အခမဲ့စမ်းသပ်ကုသမှုများ ကို သြဂုတ် ၂၈ ရက်မှ စတင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
စစ်ကိုင်းမြို့ သီတဂူအာယုဒါနဆေးရုံတော်မှ မျက်စိအထူးကုဆရာ ဝန်ကြီး များဖြစ် ကြသည့် အငြိမ်းစားပါမောက္ခ(ငြိမ်း) ဒေါက်တာမြအောင်နှင့် ဒေါက်တာမိမိခင်တို့ ဦးဆောင်သော မျက်စိအထူးကုဆရာဝန်ကြီးများ အဖွဲ့က ကုသပေးမည် ဖြစ်ပြီး မျက်စိရောဂါ စစ်ဆေးလိုသူများအနေဖြင့် သြဂုတ် ၂၂ ရက်နေ့မှစတင်၍ စာရင်းပေးသွင်း နိုင်ကြောင်း၊ အထူးကု ဆရာဝန်ကြီးများက မျက်စိစမ်းသပ်ကုသခြင်းကို သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၅ ရက်အထိ ဆောင်ရွက်ပေးမည် ဖြစ်ပြီး ခွဲစိတ်ကုသခြင်းကို သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သိရ သည်။
 
သီတဂူ အာရောဂျဒါန ဆေးရုံတော်တွင် ပထမအကြိမ်မှ ဒသမအကြိမ် အထိ မျက်စိ အခမဲ့ကုသပေးမှုများ၌ ဝေဒနာရှင်ပေါင်း ၉၆၄၈ ဦးအား စစ်ဆေးစမ်းသပ်ပေးနိုင်ခဲ့ပြီး ၂ဝ၈၇ ဦးတို့အား ခွဲစိတ်ကု သပေးနိုင် ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့  မျက်စိကုသခံယူသော လူနာများတွင် တစ်မိသားစု တည်းမှ မျက်စိဝေဒနာရှင်လေးဦး ပါရှိပြီး ဝေဒနာရှင် လေးဦးစလုံး စက္ခုအလင်း ပြန်လည်ရရှိသွားသည့်အပြင် မျက်စိနှစ်ဖက် စလုံး အလင်း မရသော ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများလည်း မျက်စိအလင်းပြန်လည် ရရှိသွားကြကြောင်း သီတဂူစက္ခုဒါနဆေး ရုံတော်ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။
 
''ကျွန်တော်တို့  ဒသမအကြိမ်အထိ မျက်စိဝေဒနာရှင်တွေကို အခမဲ့ ကုသပေးရာမှာ ကလေး၊ ချင်းတောင်၊ ဂန့်ဂေါနဲ့  ချင်းတွင်း အထက်ပိုင်းဒေသက ဝေဒနာရှင်တွေလည်း လာကြပါတယ်။ လူမျိုးစုံ၊ ဘာသာစုံ တွေ့ရပါတယ်။ အထူးသဖြင့် ကျောင်းသား ကျောင်းသူတွေနဲ့  ဘာသာရေးဆိုင်ရာ အကြီးအကဲပုဂ္ဂိုလ်တွေကို ဦးစားပေး ဆောင်ရွက်ပေး ပါတယ်''ဟု သီတဂူ အာရောဂျဒါနဆေးရုံတော်မှ တာဝန်ရှိတစ်ဦးက ပြောသည်။
 
ဆေးရုံတော်ကြီးကို ဆရာတော်များ၏ ညွှန်ကြားမှု၊ အမှုဆောင်အဖွဲ့၏ စီမံကွပ်ကဲမှု၊ ဘဏ္ဍာငွေ ရှာဖွေရေးအဖွဲ့များ၏ လစဉ်ကောက်ခံပေးနိုင်မှု၊ စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုများကြောင့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ အပေါ် ဒုတိယထပ် တိုးမြှင့်ဆောက်လုပ်နိုင်ခဲ့ပြီး ယခုအခါ ဒုတိယထပ်လည်း ဆောက်လုပ်ပြီးစီးပြီဖြစ်၍ မျက်စိဝေဒနာ တစ်မျိုးတည်း ကို ကုသခြင်းသာမက သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါများ ကိုလည်း အခါအားလျော်စွာ ကုသပေးလျက် ရှိကြောင်း သီတဂူစက္ခုဒါနဆေးရုံတော် စောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
 
Credit- MOI
The Ladies News

 

Vote: 
No votes yet

Add new comment