ပထမဆုံးအကြိမ်ဖြင့် အစိုးရတက္ကသိုလ် ၁၉ ခုမှ စီနီယာကျောင်းသားများ က အခြေခံပညာ ကျောင်းသားများအတွက် တက္ကသိုလ်ပညာရေး မိတ်ဆက်ပွဲ ပြုလုပ်မည်

အစိုးရတက္ကသိုလ် ကျောင်းပေါင်း ၁၉ ခုမှ တက်ရောက် ပညာသင်ယူနေ သည့် ကျောင်းသားများက အခြေခံပညာ အဋ္ဌမတန်း၊ န၀မတန်း၊ ဒသမတန်း ကျောင်းသူကျောင်းသားများအား တက္ကသိုလ် ပညာရေး မိတ်ဆက်ပွဲ (The Life in University) အခမ်းအနားအား ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။
 
အဆို အခမ်းအနားအား သြဂုတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချူပ်(UMFCCI) ခန်းမတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ အစီအစဉ်အား Free Hug Campaign၊ 90’s Kids Event စသည့် လူငယ်လှုပ်ရှားမှုများကို ကျင်းပခဲ့သော 90’s Kids Team မှ ဦးဆောင်ပြီး အစိုးရတက္ကသိုလ်ပေါင်း ၁၉ ခုမှ ကျောင်းသား/သူများ ပူးပေါင်းပါဝင် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
 
အဆိုပါ အခမ်းအနားတွင် တက်ရောက်နေဆဲ စီနီယာကျောင်းသားများ၏ သက်ဆိုင်ရာကျောင်း နှင့်ပတ်သတ်သည့် အကြောင်းအရာများ၊ မေဂျာ (ဘာသာရပ်) မိတ်ဆက်ခြင်းများ၊ ကျောင်းတွင်း လှုပ်ရှားမှုများ၊ ကျောင်း တွင်း သင်ထောက်ကူ အပန်းဖြေဆိုင်ရာများနှင့် ကျောင်းပြီး ပညာတော် သင် အလုပ်အကိုင် အခွင့်အလမ်းများ စသည့် အကြောင်းအရာများကို ဝေမျှပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 
ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် 90’s Kids Event ကိုရန်နိုင်ဦးက “ရန်ကုန် မှာရှိတဲ့ ကျောင်းသားတွေအတွက် မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းတွေက ဘယ်လိုမျိုး ၀င်ခွင့်တွေ လက်ခံနေသလဲ။ အဲ့လိုမျိုး ၀င်ခွင့်တွေအပြင် ကျောင်းမှာ ဘာလှုပ်ရှားမှုတွေ ရှိသလဲ။ ကျောင်းပြီးသွားလို့ရှိရင် ဘာအခွင့်အလမ်းတွေ ရှိသလဲဆိုတာ သိစေချင်လို့ သတင်းအချက် အလက် ဝေမျှတဲ့အနေနဲ့ လုပ်တာဖြစ်တယ်။ မဟုတ်ရင် မိဘတွေအနေနဲ့ သတင်းအချက်အလက်တွေ မရှိတော့ ပုံမှန်ရေပန်းစားတဲ့ တက္ကသိုလ်တွေ ကို စုပြုံပြီး တက်နေကြတာရှိတယ်။ အဲ့လိုမဖြစ်ဘဲ ကြိုတင် ပြင်ဆင်ဖို့ အတွက် ဒီလိုအခမ်းအနား လုပ်ဖြစ်တာဖြစ်တယ်” ဟု အခမ်းအနား အစီအစဉ်နှင့် ပတ်သက်ပြီး ပြောသည်။
 
ထို့ပြင် အထူးအစီအစဉ်များ အနေဖြင့် ‘Beyond The University’ နှင့် ‘Beyond The Education’ ဟူသည့် ခေါင်းစဉ်ဖြင့် ယခုလက်ရှိ နယ်ပယ်အသီးသီးတွင် အောင်မြင်လျက်ရှိသော လူငယ်များနှင့်အတူ ဆွေးနွေးပွဲနှစ်ပွဲကိုပါ ထည့်သွင်းပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
 
အခြေခံပညာ တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသားများအား မြန်မာနိုင်ငံအတွင်းရှိ ဆေးတက္ကသိုလ်များ၊ နည်းပညာ တက္ကသိုလ်များ၊ စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေး တက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် အပါအ၀င် ၀ိဇ္ဖာသိပံ္ပ တက္ကသိုလ် စသည့် ကျောင်းများ တွင် တက်ရောက်သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများမှ လာရောက်ရှင်းလင်း ပြောပြသွားမည်ဖြစ်သည်။
 
အဆိုပါ အခမ်းအနားသို့ တက်ရောက်ရန် အခြေခံပညာ ကျောင်းများ၊ ပုဂ္ဂလိကကျောင်းမှ ကျောင်းသားများ၊ ကျူရှင်များမှ ကျောင်းသားများကို ဖိတ်ကြားထားပြီး စိတ်ပါဝင်စားသူ မိဘများ၊ ကျောင်းသား၊ ကျောင်းသူ များလည်း အခမဲ့ တက်ရောက်နိုင်ကြောင်း သိရသည်။
 
စိုင်းဟန်
The Ladies News

 

Vote: 
No votes yet

Add new comment