မြန်မာ- အိန္ဒိယနယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ပြုပြင်မည်ဖြစ်၍ ကုန်စည်၊ ယာဉ်နှင့် လူဝင်ထွက် သွားလာမှုခေတ္တ ပိတ်ထားမည်

ချင်းပြည်နယ် မြောက်ပိုင်း ရိခေါဒါရ်မြို့ ရှိ မြန်မာ- အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ချစ်ကြည်ရေး တံတား (သံပေါင်တံတား)သည် ကုန်စည်၊ ယာဉ်နှင့် လူဝင်လူထွက် များပြားပြီး နှစ်နိုင်ငံ ကူးသန်းရောင်းဝယ် ဖောက်ကားရာ တွင်လည်း အသုံးဝင်သည့် နယ်စပ်တံတား တစ်ခုလည်းဖြစ်သည်။
 
အဆိုပါ နယ်စပ်တံတားသည် သံပေါင်တံတား အမျိုးအစားဖြစ်ပြီး တံတား အရှည် ပေ ၁၉ဝ၊ အကျယ် ၁၄ ပေနှင့် သံပေါင်အမြင့် ၁ဝ ပေ၊ တံတား ခံနိုင်ရည်တန်ချိန် ၁ဝ တန်ရှိသည်။
 
ယခုအခါ တံတားကြမ်းခင်း သံပြားများပေါက်ပြဲပြီး သံပေါင်တန်းများ ပျက်စီး မှုများရှိလာ၍ ယာဉ်နှင့်လူဝင်ထွက် သွားလာရေးအတွက် အန္တရာယ် ရှိလာနိုင်သောကြောင့် ဟောင်းနွမ်းပေါက်ပြဲသည့် ကြမ်းခင်းနှင့် သံပေါင် တန်းများကို ခွာထုတ် လဲလှယ်ပြုပြင်ခြင်း လုပ်ငန်းကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အစိုးရ ပြည်သူ့ဆောက်လုပ်ရေးဌာန (Mizoram Public Work Department- MPWD) က ဇူလိုင် ၃၁ ရက်မှ လုပ်ငန်း စတင် ဆောင် ရွက် သွားမည်ဖြစ်ကြောင်းနှင့် တံတားပြုပြင်သည့် လုပ်ငန်းမှာ တစ်လခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
 
''မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတားဟာ အိန္ဒိယဘက် က တာဝန်ယူပြီး ပြီးခဲ့တဲ့ ၂ဝဝ၁ ခုနှစ်က တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီတံတားဟာ သံပေါင်တံတား အမျိုး အစားဖြစ်ပြီး နှစ်ကာလ ကြာရှည်တံတား အသုံးပြုမှု များပြားလာခြင်းနဲ့ ရာသီ ဥတုဒဏ် တွေကြောင့် တံတားဟာ ကြမ်းခင်းသံပြားနဲ့ သံပေါင်တန်းတချို့ ပျက်စီး သွားတာ တွေ့ရပါတယ်။ အဲဒီ တံတားပြုပြင်ဖို့ ကျန်ဖိုင်ခရိုင် ဆောက် လုပ်ရေး ဌာနက တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကုန်စည် ပို့ဆောင်မှု၊ ကူးသန်းသွားလာမှု အဆင်ပြေ ချောမွေ့စေရေးအတွက် အမြန်ဆုံး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ကျန်ဖိုင် ခရိုင် ပြည်သူ့ ဆောက်လုပ် ရေးဌာနမှ SDO ဦးစီး လားရင့်ဆန်းငါက ပြောသည်။
 
အဆိုပါ နယ်စပ်တံတားပြုပြင် သည့်ကာလအတွင်း မည်သည့်ကုန်စည်၊ ယာဉ်နှင့် လူဝင်ထွက်သွားလာမှုများ ခေတ္တပိတ်ပင် သွားမည်ဖြစ်ပြီး နာရေးကိစ္စ ရပ်များတွင် နှစ်နိုင်ငံ ဂိတ်ပေါက်၌ တာဝန်ကျလုံခြုံရေး ရဲတပ်ဖွဲ့တို့၏ ညှိနှိုင်း ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်သွား မည်ဟု ၄င်းက ဆက်လက် ပြောကြားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်း ဖော်ပြချက်အရ သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment