ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိကိစ္စ ဥပဒေအတိုင်း ဆောင်ရွက်မည်၊ ပါတီအနေဖြင့် စောင့်ကြည့်နေဟု ဦးဝင်းထိန်ပြော

ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဖြစ်သူ လာဘ်စားသည်ဟု စွပ်စွဲခံထားရသည့် ကိစ္စနှင့်ပတ်သက်၍ ဥပဒေအတိုင်း သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ဆောင်ရွက်မည်ဖြစ်ပြီး ပါတီအနေဖြင့် စောင့်ကြည့်နေ သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် မီဒီယာများသို့ ပြောသည်။
 
“ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေး အရာရှိ ကိစ္စက ဥပဒေအတိုင်းပဲ လုပ်မယ်။ ဘာမှ ၀င်စွက်ဖက်စရာ မလိုဘူး။ တိုင်တဲ့သူရှိတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက လုပ်ကြမှာ။ စောင့်ကြည့်ဦးမယ်။ ဘာများလာ မလဲလို့၊ စိတ်ဝင်စားလို့’’ ဟု ဦးဝင်းထိန်ကပြောသည်။
 
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိ လာဘ်စားသည်ဟု ဆိုကာ မိုက်ကယ်ကျော်မြင့် ဆိုသူက ပြည်သူ့ဟစ်တိုင် ကွင်းတွင် ဇွန် ၂ ရက်က သတင်းမီဒီယာများနှင့် တွေ့ဆုံကာ ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
နိုင်ငံတော် စီမံကိန်းအတွက် ဒဂုံမြို့သစ် (မြောက်ပိုင်း) ၄၈ ရပ်ကွက် ဦးအုံးဟန် ပိုင်ဆိုင်သည့် စုစုပေါင်း လယ်ဧက ၃၀ ကျော် သိမ်းဆည်း ခံခဲ့ ရပြီး၊ စီမံကိန်း အကောင်အထည်ဖော်ပြီး လွတ်လပ်မြေအဖြစ် ကျန်ရှိနေ သည့် မြေ ၉ ဧကကို မူဝါဒများ၊ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြန်လည်ရရှိရန် ဆောင်ရွက်ရာတွင် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိအား ကျပ်ငွေ ၁၂ သိန်း ပေးအပ်ခဲ့ရကြောင်း မိုက်ကယ်ကျော်မြင့်ဆိုသူက ပြောကြားခဲ့ခြင်းဖြစ်သည်။
 
အဆိုပါကိစ္စနှင့် ပတ်သက်၍ လာဘ်ယူသည်ဟု စွပ်စွဲခံထားရသူ ဦးတင်ထွန်းက ၎င်းအနေဖြင့် ဦးဖြိုးမင်းသိန်း၏ တရားဝင် ကိုယ်ရေး အရာရှိ မဟုတ်ကြောင်း၊ သာမန်ပါတီဝင် တစ်ဦးသာဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကာလကတည်းက ဦးဖြိုးမင်းသိန်း လက်အောက်တွင် တာဝန်ထမ်း ဆောင်ခဲ့ကြောင်း ပြောကြားထားမှုများ ရှိသည်။
 
ဇော်မင်းထွန်း
The Ladies News
 

 

Vote: 
No votes yet

Add new comment