ဒဂုံမြို့သစ်တောင်ပိုင်း တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးညီညီ ရန်ပြုခံရမှုနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်မည်

ဒဂုံမြို့သစ်တောင်ပိုင်း တိုင်းဒေသကြီးကိုယ်စားလှယ် ဦးညီညီ ရန်ပြုခံရမှုနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ဒီဇင်ဘာ ၁၂ ရက် ညနေ ၅ နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
 
“ကိုညီ့ကိစ္စ ဒီနေ့ညနေ ၅ နာရီ ရုံးကို အားလုံးခေါ်ထားပါတယ်။ ရှင်းလင်းပွဲ လုပ်ပါမယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ ဖုန်းအား လက်ခံဖြေကြားသူ အမျိုးသမီးက The Ladies သို့ ပြောသည်။
 
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ဒီဇင်ဘာ ၁၁ ရက် ည ၁၀ နာရီဝန်းကျင်တွင် လေးထောင့်ကန်မှ အပြန် taxi အနက်တစ်စီးမှ လူအင်အားအပြည့်ဖြင့် အသက်အန္တရာယ်ပြု လုပ်ကြံမှုတစ်ခု ကြုံတွေ့ခဲ့ရခြင်းကြောင့် ရဲစခန်းသို့ ချက်ချင်း အကြောင်းကြားခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
 
“ကားအနက် တစ်စီး taxi နံပါတ်က အစပြောပြပါတယ်။ လူအပြည့်နဲ့ အသက်အန္တရာယ် ပြုနေပါပြီ။ အခု ကျွန်တော် ဆက်နေတဲ့အချိန်မှာတင် ကားကိုကျော်တက်ပြီး သတ်ဖို့ဖြတ်ဖို့တွေ စိန်ခေါ်နေပါပြီ။ ရဲကား လွှတ်ပေးပါခင်ဗျာ ဆိုပြီး အထပ်ထပ် အခါခါ ပြောပါတယ်။ ကျွန်တော် တို့ကားကို ဆဲတယ်၊ ဆင်းခိုင်းတယ်၊ ရိုက်မယ် သတ်မယ်ပြောတယ်၊ စခန်းကို ကျွန်တော် ထပ်ဆက်တယ်၊ ဆရာတို့ ချက်ချင်း ထွက်လာပေးပါ။ ကျွန်တော်တို့အတွက် အတော်ကို အန္တရာယ် များနေပါပြီဆိုပြီး ထပ်ပြောတယ်။ အဲဒီအချိန်မှာ လုပ်ကြံမယ့်ကားက အရှေ့ကနေ ပိတ်ရပ်လိုက်တယ်။ ဒီတစ်ခါတော့ ကျွန်တော်တော့ သွားပြီပေါ့။ ဒါနဲ့ သူတို့ကားပေါ်က မဆင်းခင်မှာ ကျွန်တော် သူတို့ကားကို ကျော် တတ်ပြီး မောင်းပြေးတယ်။ နောက်က ထပ်လိုက်တယ်။ ကျွန်တော် ထပ်ဆက်တယ်။ ဆရာတို့ ထွက်လာပေးပါ။ တောင်းပန်ပါတယ်။ ကျွန်တော် က အသက်နဲ့ရင်းပြီး ရဲစခန်းကိုမောင်းခေါ်လာတယ်၊ မီးပွိုင့်ရောက်တော့ ထပ်ကျော်တယ်။ ကျွန်တော်လည်း အလု အယက် မောင်းတယ်။ ရဲစခန်းနား ရောက်ခါနီးတော့ ထပ်ပြီးဆက်တယ်။ သိပ်မကြာဘူး ရဲစခန်းအရှေ့ရောက်တော့ ဖုန်းမီးတွေလည်း ဖွင့်ပြီး အချက်ပြ ကားမီးလည်း တောက်ပြ၊ ဘယ်ရဲမှ မတွေ့ရဘူး။ ပုံထဲမှာမြင်တဲ့အတိုင်းပဲ တံခါးကြီး ပိတ်ထားတယ်။ ကျွန်တော် ကားကို စခန်းအရှေ့ ထိုးချလိုက်တယ်။ အဲ့ဒီ့အချိန်မှာ လူမိုက် အကုန်ဆင်းရိုက်ရင် ကျွန်တော် အဲ့ဒီ့ရဲခခန်းအရှေ့မှာ တင် သေနေပြီ။ ကူညီပါရစေတဲ့၊ အယုံအကြည်ကို မရှိဘူးဗျာ” ဟု ရေးသားထားသည်။
 
ထို့အတူ ကိုယ်စားလှယ်များ အားလုံးအနေဖြင့် သတိကြီးကြီး ထားရ မည်ဖြစ်ပြီး၊ ကိုယ့်လုံခြုံရေးကို ဂရုစိုက်ကြရန်နှင့် ၎င်းကိုယ်တိုင် အသက်လု မောင်းပြေးခဲ့ရကြောင်း မှန်များကို ရိုက်ခွဲပြီး အသက်ကို ရန်ပြုမည့်ပုံစံများ ဖြစ်ကြောင်း အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ဒဂုံ ရဲစခန်းတွင် အမှုဖွင့်ပြီးဖြစ်ကြောင်းလည်း ဦးညီညီက ၄င်း၏ဖေ့စ်ဘုတ် တွင် ရေးသားထားသည်။
 
ဇော်မင်းထွန်း
Photo - Nyi Nyi Fb
The Ladies News

 

Vote: 
No votes yet

Add new comment