သရုပ်ဆောင်မိုးအောင်ရင် နှင့် သူငယ်ချင်းနှစ်ဦး မူးယစ်ဆေးဝါးမှုဖြင့် အဖမ်းခံရ

သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသည်မှာ ဟုတ်မှန်ကြောင်း ပုဇွန်တောင်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက က သြဂုတ် ၂၉ ရက်တွင် The Ladies သို့ အတည်ပြုပြောသည်။
 
“ရုပ်ရှင်မင်းသား သရုပ်ဆောင်ကို မူးယစ်မှုနဲ့တော့ ဖမ်းထားတယ်။ သေသေချာချာ ဂဃနဏ သိချင်ရင်တော့ အမှုစစ်နဲ့တွေ့ပြီး မေးတာပိုကောင်းမယ်။ အမှုဖွင့်ထားတဲ့ပုဒ်မက ၆/၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၆ (ဂ) နဲ့ အမှုဖွင့်ထားတာပါ” ဟု တာဝန်ကျရဲအရာရှိက The Ladies သို့ပြောသည်။
 
မိုးအောင်ရင် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဖခင်ဖြစ်သူ အဆိုတော် အောင်ရင်က ၎င်း၏ လူမှုကွန်ရက် ကိုယ်ပိုင်စာမျက်နှာတွင် ၎င်း၏ သားဖြစ်သူ မိုးအောင်ရင်သည် မူးယစ်ဆေးသုံးစွဲမှုဖြင့် အဖမ်းခံရကြောင်း ရေးသားထားသည်။
 
"အားလုံးကို ဝမ်းနည်းစွာနဲ့ အသိပေးချင်ပါတယ်။ ကျွန်တော် မကြုံချင်တဲ့ နေ့ကို မနေ့ညက စိတ်မကောင်းကြီးစွာနဲ့ ဖြတ်ကျော်ခဲ့ရပါတယ်။ ကျွန်တော့်သားနဲ့ သူ့သူငယ်ချင်းကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ မနေ့ညက အဖမ်းခံရကြောင်း သိရပါတယ်။ ကျွန်တော်ရဲ့ ဆုံးမသွန်သင်မှု အင်မတန် ညံ့ဖျင်းခဲ့လို့ ထင်ပါတယ်။ မိဘတိုင်း ဒီလို သောကမျိုးတွေ ကင်းဝေကြပါစေ" ဟု အဆိုတော်အောင်ရင်က ၎င်း၏ လူမှုကွန်ရက် ကိုယ်ပိုင်စာမျက်နှာတွင် သြဂုတ် ၂၉ ရက် နေ့လယ်ပိုင်းက ရေးသားခဲ့ပြီး ခဏအကြာအတွင် ပြန်ဖျက်သွားခဲ့သည်။
 
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ် (၂) ရပ်ကွက် နေကြာ/သာယာကုန်းလမ်းရှိ ခြောက်လွှာတိုက်ခန်း တစ်ခုတွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး တာမွေရှိမိုးအောင်ရင်၏ နေအိမ်တွင်လည်း မူးယစ်ဆေးဝါးနှင့်အတူ ၎င်း၏ သူငယ်ချင်း နှစ်ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မိုးအောင်ရင်ကို လိုက်လံ ရှာဖွေပြီး စစ်ဆေးခဲ့ရာတွင် ၎င်းလွယ်ထားသည့် လယ်သာအိတ်အတွင်းမှ ICE ဟုယူဆရသည့် မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
 
ဇော်မင်းထွန်း
Photo - အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့
The Ladies News
 
 
Vote: 
No votes yet

Add new comment