ကလေးသူငယ်များ အတုယူမှားစေနိုင်သည့် Smoke Candy ချိုချဉ်များအား ဈေးနှင့် ကျောင်းများတွင် ရောင်းချခြင်း မပြုရန် အသိပေး

မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီ၏ ဦးဆောင်မှုဖြင့် ဈေးများနှင့် ကျောင်းမုန့်ဈေးတန်းများတွင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ ရောင်းချရေး အစဉ်ကြီးကြပ် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ဈေးချိုဧရိယာအတွင်းရှိ မုန့်ဆိုင်များအား ပြီးခဲ့သည့် ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
 
ယင်းနေ့က ခရိုင်အုပ်ချုပ်ရေးမှူးဦးဝင်းဇော်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိန်ထွန်း၊ မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ ဈေးနှင့်သားသတ်ဌာနမှူး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (မန္တလေးဌာနခွဲ) လက်ထောက်ညွန်ကြားရေးမှူး တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဈေးချိုဧရိယာအတွင်းရှိ မုန့်ဆိုင်များအား ကွင်းဆင်း စစ်ဆေး၍ တစ်ဖက်နိုင်ငံမှ တင်သွင်းလာသော Smoke Candy ချိုချဉ်များ တွေ့ရှိသဖြင့် ကလေးသူငယ်များ အတုယူမှားစေနိုင်သဖြင့် ဈေးများနှင့် ကျောင်းများတွင် ရောင်းချခြင်းမပြုရန် အသိပေး ပြောကြားခဲ့သည်။
 
ယင်းချိုချဉ်များကို စားသုံးရန်သင့်၊ မသင့်ကို အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနနှင့် ဓာတုဗေဒ ဝန်ရုံးသို့ ပေးပို့စစ်ဆေးကာ အဖြေထွက်ရှိမှုအပေါ် မူတည်၍ စီမံခန့်ခွဲရေး နည်းလမ်းများအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
Ref: MOI
The Ladies News
Vote: 
No votes yet

Add new comment