ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ တရုတ်ရင်းနှီးမြှပ်နှံမှုဖြင့် လည်ပတ်မည့် တီကျစ် ကျောက်မီးသွေးစက်ရုံ ရပ်တန့်ရေး ဒေသခံများ ဆန္ဒဖော်ထုတ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့နယ်ခွဲရှိ တီကျစ်ဒေသရှိ ကျောက်မီးသွေးစက်ရုံ စီမံကိန်း ရပ်တန့်ရေးအတွက် ဒေသခံတိုင်းရင်းသားများ စုပေါင်းပြီး ဧပြီလ ၂၄ ရက်နေ့က တီကျစ်ဒေသတွင် ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း သိရသည်။ တီကျစ်မြို့ဦး ဘုန်းတော်ကြီးကျောင်းတွင် ကျောက်မီးသွေး လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီက လူမှုနှင်မ့ သဘာဝ ပတ်ဝန်းကျင် အကျိုးသက်ရောက်နိုင်မှုဆိုင်ရာ စစ်တမ်း EIA /SIA ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြနေစဉ် လာရောက်သည့် ဒေသခံသုံးပုံနစ်ပုံက ကန့်ကွက်ကြောင်း စာရွက်များကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ “အဓိကကတော့ တရုတ်နိုင်ငံကလာမယ့် နည်းပညာကိစ္စတွေ စက်ရုံကို တည်ဆောက်မယ့် ကိစ္စတွေက ဒါက သိပ်ပြီးတော့မှ ခေတ်မီတဲ့စနစ်တွေလည်း မဟုတ်တော့ဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က လုပ်ခဲ့တဲ့ နည်းပညာတွေဖြစ်နေတယ်။ တရုတ်နိုင်ငံတွေမှာ စက်ရုံတွေ ကျောက်မီးသွေးသုံး လုပ်ငန်းတွေကို လျှော့ချနေတဲ့အချိန်မှာ ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ လာပြီးတော့မှ စမ်းသပ်ကွင်းလိုမျိုး ခတ်ကွင်းလိုမျိုး ဈေးကွက်ရှာသလို ဖြစ်နေတဲ့ ကိစ္စကတော့ လူထုအစိုးရအနေနဲ့ တိုင်းရင်းသားကိစ္စတွေ စဉ်းစားမယ်ဆိုရင် တိုင်းရင်းသား လူထုတွေအတွက် အကျိုးစီးပွားတွေ စဉ်းစားမယ်ဆိုရင် လူထုအစိုးရအနေနဲ့ စဉ်းစားပြီး လုပ်ဆောင်သင့်တယ်”ဟု ကိုမိုးမင်းသိန်းက The Ladies သို့ပြောသည်။ ခေတ္တရပ်နားထားရာမှ ပြန်လည် လည်ပတ်တော့မည့် တီကျစ် ကျောက်မီးသွေးစက်ရုံမှာ လူနေအိမ်ခြေများ အနီးတွင် တည်ရှိပြီး ယခင်စစ်အစိုးရ လက်ထက်မှ စတင်၍ ဒေသခံများ ကန့်ကွက်မှု ရှိခဲ့သည့် စက်ရုံလည်း ဖြစ်သည်။ တီကျစ်မြို့ဦး ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ကျောက်မီးသွေး စက်ရုံတည်ဆောက်မည့် ဝူရှီးဟာဖန်း တရုတ်ကုမဏီတို့ တက်ရောက်ခဲ့ကြသည်။ ယခင် စစ်အစိုးရ လက်ထက်မှ စတင်ကာ တည်ဆောက်ခဲ့သော ကျောက်မီးသွေးစက်ရုံများမှ ထွက်ရှိလာသည့် ပြာမှုန်များကြောင့် ဒေသခံပြည်သူများသည် ယားနာကဲ့သို့သော ဝေဒနာများကို ခံစားနေရပြီး ၊ ယခုနှစ်မှ စတင်ကာ ရေရှားပါးမှု ပြဿနာကိုလည်း ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။ ၂၀၁၄ ခုနစ် အကုန်တွင် ကျောက်မီးသွေးစက်ရုံတွင် တပ်ဆင်ထားသည့် စက်ပစ္စည်းများမှာ ခေတ်မီခြင်းမရှိဟု ဆိုကာ စက်ရုံအား ခေတ္တရပ်နားခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း ကုန်ခါနီးတွင် တရုတ်နိုင်ငံပိုင် ကုမ္ပဏီဖြစ်သည့် Wu HauGaung ကုမဏီမှ စီမံကိန်းကို ဆက်လက်ဆောင်ရွက်ခွင့် ရရှိခဲ့ခြင်းဖြစ်ကာ တင်ဒါပေးမှုမှာလည်း ပွင့်လင်းမြင်သာမှု မရှိခဲ့ဟု ဒေသခံများက ဆိုသည်။ တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကိစ္စသည် အစိုးရသစ်၏ ထုအပေါ်ထားသည့် သဘောထားကို သိရှိရမည်ဖြစ်သကဲ့သို့ တရုတ်နိင်ငံ၏ ရင်းနီးမြုတ်နံမှုအပေါ် ထားသည့် သဘောထားကိုလည်း သိရှိရမည်ဖြစ်ကြောင်း ဒေသခံ စိုင်းယော်ကလည်း ဆိုသည်။ “ကျွန်တော်တို့က အစိုးရသစ်ကို အကျပ်ရိုက်စေချင်တာ မဟုတ်ဘူး။ ဒီစီမံကိန်းက ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာလည်း ဒေသခံတွေအတွက် အများကြီး ထိခိုက်နစ်နာခဲ့ရတဲ့ စီမံကိန်းဖြစ်တယ်။ ပြီးခဲ့တဲ့ တင်ဒါပေးတဲ့ ကာလက ရွေးကောက်ပွဲနဲ့ ကပ်နေလို့ ရွေးကောက်ပွဲ အနှောင့်ယှက်ဖြစ်မှာစိုးလို့ မကန့်ကွက်ခဲ့တာ” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် အမည်မဖော်လိုသည့် ပအိုဝ်းတိုင်းရင်းသား တစ်ဦးကလည်း ဆိုသည်။ PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ အုပ်ချုပ်နေသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် PNO ၏ လက်ရင်းဖြစ်သော ပအိုဝ်းပြည်သူ့စစ်များလည်း ရှိနေပြီး ဒေသခံများအနေဖြင့် အရဲစွန့်ကာ ဆန္ဒပြရခြင်းလည်း ဖြစ်ကြောင်း သိရသည်။ ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်များအရ တီကျစ်ဒေသမှ ကျောက်မီးသွေး ၂၀.၂၀ မီလီယံတန်ချိန် ထွက်ရှိနိုင်ကြောင်း သိရသည်။ ဇော်မင်းထွန်းThe Ladies News 

 

Vote: 
No votes yet

Add new comment