အယ်နီညို ရာသီဥတုကြောင့် အရန်ဆန်တန်ချိန် နှစ်သိန်း ထားရှိရန် အဆိုပြုထားကြောင်း သိရ

အယ်နီညို ရာသီဥတု ကျရောက်မည့် အလားအလာကြောင့် ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံစေရေး အရန်ဆန် တန်ချိန်နှစ်သိန်း ထားရှိရန် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းက မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အား အဆိုပြုထားကြောင်း သိရသည်။ “အရန်ဆန်က စီစဉ်နေပါတယ်။ ဆန်တန်ချိန် နှစ်သိန်းလောက် ထားရှိဖို့ အကြုံပြုထားပါတယ်။ အနည်းဆုံးတော့ တန်ချိန် ငါးသောင်းနဲ့ တစ်သိန်းလောက်တော့ ဖြစ်နိုင်တယ်။ လက်ရှိမှာ လက်ကျန်ဆန်ကတော့ ကိန်းဂဏန်း အတိအကျ ပြောဖို့ ခက်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ ညီနောင်အသင်း ဖြစ်သည့် မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောသည်။ လက်ရှိတွင် ပြည်တွင်း၌ ဆန်စပါးကဏ္ဍ ထုတ်လုပ်မှု ကျဆင်းလျက်ရှိသဖြင့် ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံမှု ရှိစေရန် ပြည်ပဆန် တင်ပို့မှုကို ပြန်လည် သုံးသပ်ရန် လိုအပ်သည်ဟု ၄င်းကဆိုသည်။ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ယခင်နှစ်များထက် ပိုမိုပူပြင်း ခြောက်သွေ့မည်ဖြစ်ပြီး အယ်နီညို ရာသီဥတုအား အကောင်းဆုံးနှစ် ဖြစ်မည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်များက ခန့်မှန်းထားခြင်းကြောင့် ပြည်တွင်း ရိက္ခာဖူလုံရေး ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။  “အရန်ဆန် ထားရှိဖို့ တင်ပြထားတုန်းပါ။ လောလောဆယ်တော့ ခွင့်ပြုမိန့် မကျသေးဘူး။ လက်ရှိမှာ အရန်ဆန်ထားတာ မရှိသေးပါဘူး။ အရင်ဆန် ထားဖြစ်ရင်လည်း တန်ချိန်ငါးသိန်းလောက် ထားရှိဖို့ ကျွန်တော်တို့ ပုဂ္ဂလိက လုပ်ငန်းရှင် အချင်းချင်း ညှိနှိုင်းထားတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။ မြန်မာနိုင်ငံတွင် အယ်နီညို ရာသီဥတု ကျရောက်သည့်အတွက် ပြည်တွင်း စားနပ်ရိပ်က္ခာ ဖူလုံမှုရှိစေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ဇန်နဝါရီလ အတွင်းက တင်ပြထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။ သတင်း - MMKThe Ladies News Journal 

 

Vote: 
No votes yet

Add new comment