နှစ်ပေါင်း ၈၀ကျော် ကြာသည့်တိုင်အောင် ကျင်းပနေမြဲဖြစ်သည့် သထုံမြို့နယ် အတွင်းက အကြီးကျယ်ဆုံး စုပေါင်းရဟန်းခံရှင်ပြုပွဲ

လွန်ခဲ့သော နှစ်ပေါင်း ၈၀ ကပင် နှစ်စဉ်ကျင်းပနေကျ ဖြစ်သည့် စုပေါင်းရဟန်းခံ
ရှင်ပြုပွဲကို မွန်ပြည်နယ် ၊ သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာနှင့် ဓနုကတိုက်
ကျေးရွာတို့ ပေါင်းစပ်ကာ ကတိုက်ကလေး ကျေးရွာရှိ အဘယာရာမကျောင်း
တိုက်တွင် နိုဝင်ဘာလ ၁ ရက်က ဆင်၊ မြင်း စုံလင်စွာဖြင့် စည်ကားစွာ လှည့်လည်
ခဲ့ကြောင်း သိရှိရသည်။

“ဒီပွဲက ရွာမှာ အစည်ကားဆုံးနဲ့ သထုံနယ်အတွင်း အကြီးကျယ်ဆုံးပါ။ ဆင်တွေ
မြင်းတွေအများဆုံး အသုံးပြုထားတယ်။ ရှေးဟောင်း အထောက်အထားတွေအရ
သီရိဓမ္မာသောက မင်းကြီးလက်ထက်ကစပြီး ဒီဒေသမှာ သာသနာတော်
စည်ပင်ပြန့်ပွားခဲ့တာ ဒီနေ့အထိပဲ။ ဒီလိုမျိုး ကျင်းပလာတာလည်း နှစ်ပေါင်း ၈၀
ကျော်ပြီ” ဟု အဘယာရာမ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဒီပက
မိန့်ကြားသည်။

အဆိုပါ လှည့်လည်ပွဲတွင် ရဟန်းလောင်း ၃၉ ပါးနှင့် သာမဏေလောင်း ၄၉ ပါး
တို့အား ဆင် ၁၃ ကောင်နှင့် မြင်း ၃၃ ကောင်တို့ဖြင့် တင်ဆောင်ကာ
အလှူရှင်များနှင့် ရွာသူရွာသားများတို့က ပရိက္ခရာ ရှစ်ပါး၊ ကထိန်လျာသင်္ကန်းနှင့်
အခြားလှူဖွယ် ပစ္စည်းတို့ဖြင့် လိုက်ပါပို့ဆောင်ကြကြောင်း သိရသည်။

“နှစ်စဉ် အစဉ်အလာမပျက် ကျင်းပတာပါ။ တစ်ရွာလုံးက ဒီပွဲကို အားခဲပြီး
ငွေကြေးကို ကြိုတင်စုဆောင်း ကြပါတယ်။ ကိုယ်ထူကိုယ်ထစနစ်နဲ့ ရွာလုံးကျွတ်
အလှူပေးတဲ့ပွဲပါ။ ရဟန်းခံရှင်ပြု မဏ္ဍပ် ပေါင်း ၄၀ ကျော် ပါတယ်။ ဒီဘက်
နယ်တစ်ကြောမှာတော့ ဆင်အကောင်ရေ အများဆုံး အသုံးပြုတဲ့ စုပေါင်း
အလှူလို့လဲ ထင်ပါတယ်။ ခါတိုင်းနှစ်တွေဆို ဆင်တွေ မြင်းတွေ ဒီထက်များတယ်''
ဟု အလှူရှင်တစ်ဦးက ပြောသည်။

အဆိုပါ လှည့်လည်ပွဲအပြီးတွင် ဆံချတရားနာယူကြပြီး နိုဝင်ဘာ ၂ ရက်နေ့တွင်
ကထိန်လျာသင်္ကန်း ဆက်ကပ်ခြင်း၊ ရဟန်းခံသိမ်တက်ခြင်းနှင့် ပင့်ကျောင်း ၁၅၀
ခန့်မှ သံဃာတော် ၂၅၀ ကျော် အား စာရေးတံမဲများ ဆက်ကပ်ခြင်းတို့ကို ပြုလုပ်ပြီး
ညအချိန်တွင် အငြိမ့်ပွဲများ၊ ပွဲဈေးတန်းများဖြင့် စည်ကားစွာ ကျင်းပခဲ့ကြောင်း
သိရသည်။
သတင်း - MMK
The Ladies News Journal

 

Vote: 
No votes yet

Add new comment