`၀` ပြည်နယ်တောင်းသည့်ကိစ္စ တိုင်းရင်းသားအားလုံးနှင့် ညှိနှိုင်းရမည် ဟု ရှမ်းနိုင်ငံရေးပါတီ ပြောကြား

`၀`ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသည့် အပ်ါတွင် ဖြစ်နိုင်ခြေရှိမရှိကို တိုင်းရင်းသားအားလုံးနှင့် အရင်ညှိနှိုင်းရမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD ) မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်သူ ဦးစိုင်းလိတ်က The Ladies News သို့ သုံးသပ်ပြောကြားသည်။
 
ဧပြီလ ၁၇ ရက်နေ့တွင် `၀` ဒေသ၏ မြို့တော် ပန်ဆန်း၌ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် ၃၀ ပြည့်အခမ်းအနားတွင် `၀` အဖွဲ့ (UWSP/UWSA) ၏ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းက မိန့်ခွန်း ပြောကြားရာ၌ `၀` ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆို ကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။
 
အရင်းခံပြဿနာမှာ ၁၉၄၇ ပင်လုံစာချုပ်နှင့် အညီ ပြည်ထောင်စုအား ပြည်ထောင်စုပုံစံအဖြစ် မှန်ကန်စွာ မဖွဲ့စည်းနိုင်းခဲ့၍ ဖြစ်ကြောင်း၊ အကယ်၍ တမ်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကို အပြည့်အ၀ အာမခံချက် ပေးနိုင်သည့် ပြည်ထောင်စု စစ်စစ်ပုံစံမျိုး ဖွဲ့စည်းခဲ့မည်ဆိုပါက ယခုလိုပြဿနာမျိုးများ ပေါ်လာစရာ အကြောင်းမရှိဟု ဦးစိုင်းလိတ်က သုံးသပ်သည်။
 
`အဲဒါကြောင့်မို့လို့ အရင်းခံ ပြဿနာကတော့ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ခွင့် အပြည့်အ၀ရှိတဲ့ ပြည်ထောင်စုစစ်စစ် ဖြစ်ပေါ်ဖို့အတွက်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အရင်ရေးစွဲရမယ်။ ပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုပြီးတော့ အားလုံးက လက်သင့်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ပေါ်ပေါက်ပြီးမှသာလျှင် စစ်မှန်တဲ့ ပြည်ထောင်စုပုံစံကို ဖေါ်ဆောင်ရမယ်။ အဲဒီကနေ လိုအပ်တဲ့ အချက်အလက်တွေကို တဖြည်းဖြည်းချင်း ပြုပြင်သွားမယ် ဆိုလို့ရှိရင်တော့ စောစောကပြောတဲ့ လူမျိုးငယ်ပြဿနာတွေက အလိုလိုနေရင်း ဖြေရှင်းပြီးသား ဖြစ်သွားမယ်လို့ မျှော်လင့်မိပါတယ်` ဟု ၄င်းက ပြောကြားသည်။
 
ပြည်ထောင်စုကို အတူတကွ တည်ထောင်ခဲ့သည့် တိုင်းရင်းသား လူမျိုးကြီး ရှစ်မျိုးကိုယ်၌က ကိုယ်ပြပိုင်းဌာန်ခွင့်၊ ကိုယ်ပိုင်းအုပ်ချုပ်ခွင့်ဆိုသည့် စကားလုံး၏ အနှစ်သာရကို ဘာတစ်ခုမှ မခံစားသေးဘဲ၊ တခြား ကိစ္စအသေးများကို အရင်းရှင်းမည်ဆိုပါက ပြဿနာ ပိုမိုရှုပ်ထွေး သွားနိုင်ကြောင်း၊ ထို့အတွက်ကြောင့် အရင်းခံပြဿနာကို အရင်ဆုံးဖြေရှင်းရန်လိုသည်ဟု ဆိုသည်။
 
`၀`အဖွဲ့က ပြည်နယ်တောင်းခြင်းနှင့် ပတ်သက်ပြီးလည်း ဦးစိုင်းလိတ်က `သူ့အခွင့်အရေးအရ သူတောင်းနေတာ ဆိုတော့ ဖြစ်နိုင်၊မဖြစ်နိုင်ဆိုတာ တိုင်းရင်းသားအားလုံးနဲ့ အရင်ဆုံး ညှိနှိုင်းရမှာပေါ့` ဟု ပြောကြားသည်။
 
`၀` အဖွဲ့ ပြည်နယ်တောင်းသည့် ကိစ္စမှာ ထည့်သွင်း စဉ်းစားရမည့် အချက်တစ်ခုဖြစ်ကြောင်း သို့သော် လက်ရှိအချိန်တွင် `၀` အထူးဒေသ (၂) အဖြစ်သာ တရားဝင် အသိအမှတ်ပြုထားသည်ဟု NLD ပါတီ၏ ပြေားရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောကြားသည်။
 
`ဒါကတော့ ဆွေးနွေးညှိနှိုင်းတဲ့ ပွဲတွေမှာ ထည့်သွင်းပြီး ဆွေးနွေးရမယ့် အချက်ဆိုတာကို ကျွန်တော်တို့ ပြောတာပါ` ဟု ၄င်း က ပြောကြားသည်။
 
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်။ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်းမြို့နယ် တို့ကို `၀` ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးထားသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment