ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မကေခိုင်ထွန်းအား ၅၀၅ (က) ဖြင့် ဖမ်းဆီး

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မကေခိုင်ထွန်း အား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ယနေ့ နံနက် ၁၁ နာရီ ၀န်းကျင်တွင် ဖမ်းဆီးသွားကြောင်း သံချပ်အဖွဲ့ဝင်တစ်ဦးက The Ladies News သို့ပြောကြားသည်။
 
သူနာပြုဆရာမ တစ်ဦးဖြစ်သည့် မကေခိုင်ထွန်း အား သူမ တာဝန်ထမ်းဆောင် နေသည် ရန်ကုန် ကလေးဆေးရုံကြီး (ဟယ်ပင်) တွင် လာရောက် ဖမ်းဆီးဖြစ်သည်ဟု ဆိုသည်။
 
`သူက မနှစ်က သူနာပြုတက္ကသိုလ်က ကျောင်းပြီးတယ်။ ဟယ်ပင် ကလေးဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာ ရဲတပ်ဖွဲ့က လာပြီး ဖမ်းသွားတာ` ဟု သံချပ်အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
 
ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ သင်္ကြန်ကာလအတွင်း ထိုးခဲ့သည့် သံချပ်စာသားများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ သံချပ်အဖွဲ့ ခေါင်းဆောင်များဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း၊ ကိုပိုင်ရဲသူ၊ ကိုဖိုးသားနှင့် မကေခိုင်ထွန်းတို့အား မရမ်းကုန်းရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီးနောက် မကေခိုင်ထွန်း အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
 
အမှုဖွင့် ခံထားရသည့် သံချပ်အဖွဲ့ခေါင်းဆောင်းများကို ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် မကေခိုင်ထွန်း အား စတင်ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဒေါင်းတို့ မျိုးဆက်မှ သံချပ်အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
 
`လောလောဆယ် မကေခိုင်ထွန်း တစ်ယောက်ပဲ ဖမ်းမိ ထားတာပေါ့။ ကျန်တဲ့သူတွေက သူတို့လာမဖမ်း သေးတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့၊ ကိုယ့်လူက တိမ်းရှောင်တာလည်း ဖြစ်ရင်ဖြစ် မှာပေါ့။ အဲဒါတော့ သေသေချာချာ မသိရသေးဘူး` ဟု ၄င်းက ပြောကြားသည်။
 
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များအား မအူပင်ရဲစခန်းတွင် ထပ်မံအမှုဖွင့်ထားသည်ဟု သတင်းများ ကြားနေရကြောင်းကိုလည်း သံချပ်အဖွဲ့ဝင်က ပြောကြားသည်။
 
အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment