မြောက်ဦးမြို့နှင့် ဘောင်းဒုတ်ကျေးရွာအနီးရှိ နယ်မြေခံ တပ်ဌာနချုပ်များအား AA အကြမ်းဖက်သောင်းကျန်းသူ များက ကျေးရွာအတွင်းမှ ဖြန့်ခွဲနေရာယူလျက် လာရောက် ပစ်ခတ် တိုက်ခိုက်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်

မြောက်ဦးမြို့နှင့် ဘောင်းဒုတ်ကျေးရွာအနီးရှိ နယ်မြေခံ တပ်ဌာနချုပ်များအား AA အကြမ်းဖက်သောင်းကျန်းသူ များက ကျေးရွာအတွင်းမှ ဖြန့်ခွဲနေရာယူလျက် လာရောက် ပစ်ခတ် တိုက်ခိုက်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန် ထားသည်။
 
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း နယ်မြေခံတပ်ဌာနချုပ်များ သို့ AA အကြမ်းဖက်သောင်းကျန်းသူများက ဧပြီ ၁၇ ရက် ညပိုင်းတွင် ဘောင်းဒုတ်ကျေးရွာ အတွင်း ဖြန့်ခွဲနေရာယူလျက် လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း၊
 
ဖြစ်စဉ်မှာ ယမန်နေ့ ဧပြီ ၁၇ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် မြောက်ဦး မြို့နယ်၊ ဘောင်းဒုတ်ကျေးရွာ အနီးရှိ နယ်မြေခံတပ်ဌာနချုပ်၏ တောင်ဘက်နေရာသို့ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့က ဘောင်းဒုတ်ကျေးရွာစာသင်ကျောင်းနေရာ မှလည်းကောင်း၊ ည ၁၀ နာရီ မိနစ် ၄၀ ခန့်နှင့် ည ၁၁ နာရီ ၃၂ မိနစ်တို့တွင် တပ်ဌာနချုပ်၏ အရှေ့တောင်ဘက် နေရာသို့ AA အကြမ်းဖက်သောင်းကျန်းသူ အချို့က လည်း ကောင်း၊ ည ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် ဘောင်းဒုတ်ကျေးရွာနယ်မြေခံတပ် ဌာနချုပ်ရှိ လုံခြုံရေးဂိတ်ကင်း ၂ နေရာသို့ AA အကြမ်းဖက်သောင်းကျန်းသူအင်အား စိစစ်ဆဲအဖွဲ့က ဘောင်းဒုတ်ကျေးရွာအစပ်မှလည်းကောင်း ကျေးရွာအတွင်း ဖြန့်ခွဲနေရာယူလျက် လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ရန်သူ့ပစ်ခတ်မှု ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရပ်တန့် သွားခဲ့သည်။
 
အလားတူ ည ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် မြောက်ဦးမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်သို့ AA အကြမ်းဖက်သောင်း ကျန်းသူအင်အားစိစစ်ဆဲအဖွဲ့က ရန်ကုန်-စစ်တွေပြည်ထောင်စု ကားလမ်းမကြီးပေါ်မှ လာရောက် ပစ်ခတ်ခဲ့ သည့်အတွက် မိမိဘက်မှ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ယနေ့ မွန်းလွဲပိုင်းတွင် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဘောင်းဒုတ်ကျေးရွာရှိ ဗုဒ္ဓနတ်တောင် ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်ဆရာ တော်ဘဒ္ဒန္တရာဇိန္န ရှေ့မှောက်၌ ကျေးရွာရပ်မိရပ်ဖများကို သွားရောက်တွေ့ဆုံ၍ AA အကြမ်းဖက်သောင်း ကျန်းသူများအနေဖြင့် ကျေးရွာအတွင်း ၀င်ရောက်၍ တပ်ဌာနချုပ်အား လာရောက်ပစ်ခတ်ခဲ့သဖြင့် ကျေးရွာ၌ AA အကြမ်းဖက်သောင်းကျန်းသူများအား လက်ခံခြင်းမပြုရန်၊ ကျေးရွာအနီးတစ်ဝိုက် AA အကြမ်းဖက်သောင်း ကျန်းသူများနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားပါက ဒေသခံပြည်သူများသာ ဒုက္ခများတွေ့ကြုံရမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုကို အားပေးခြင်းမပြုရန်၊ ကျေးရွာအတွင်းနှင့် အနီးတစ်ဝိုက်သို့ ရောက်ရှိလာပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ ၀င်များနှင့် တာဝန်ရှိသူများထံသို့ သတင်းပေးပို့ကြခြင်းဖြင့် မိမိတို့ မြို့၊ ရပ်ကွက်၊ ကျေးရွာ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်တို့အား စည်းရုံးဆွေးနွေးခဲ့သည်။
 
AA အကြမ်းဖက်သောင်းကျန်းသူများသည် မြို့၊ ကျေးရွာအနီး အနားရှိ တပ်ဌာန ချုပ်များအား ချဉ်းကပ်တိုက်ခိုက် ရာတွင် မြို့၊ ရပ်ကွက်၊ ကျေးရွာများကို အကာအကွယ်ရယူတိုက်ခိုက်လျက်ရှိပြီး မိမိဘက်မှ ပြန်လည်ခုခံမှု အပေါ်တွင် မသမာသောနည်းများဖြင့် အမြတ်ထုတ်ကာ ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီး လျက်ရှိကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment