ဘူးသီးတောင်မြို့နှင့် ၀ါးခုတ်ချောင်းကျေးရွာအပါအ၀င် အနီးပတ်ဝန်းကျင်ကျေးရွာများအား ခြိမ်းခြောက်စိုးမိုးရန် ရည်ရွယ်ချက်ဖြင့် ၀ါးခုတ်ချောင်းကျေးရွာအနီးသို့ ရောက်ရှိလာသော AA အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော်က ပစ်ခတ်နှိမ်နင်း

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ၀ါးခုတ်ချောင်းကျေးရွာ အနီးသို့ ရောက်ရှိလာသော AA အကြမ်းဖက်သောင်းကျန်း သူများအား ဧပြီ ၃ ရက်မွန်းလွဲပိုင်းတွင် တပ်မတော်က ပစ်ခတ်နှိမ်နင်း ခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နှင့် ၀ါးခုတ်ချောင်းကျေးရွာအပါအ၀င် အနီးပတ်ဝန်းကျင် ကျေးရွာများအား ခြိမ်းခြောက်စိုးမိုးရန် ရည်ရွယ်ချက်ဖြင့် AA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၁၅၀ ခန့်သည် ၀ါးခုတ်ချောင်းကျေးရွာ၏ အရှေ့ဘက် မီတာ ၇၀၀၀ ခန့်အကွာ စိုင်းဒင်ချောင်းတစ်ဝိုက်သို့ ဧပြီ ၃ ရက် မွန်းလွဲပိုင်းက ရောက်ရှိလာနေကြောင်း အခိုင်အမာ သတင်းများရရှိသဖြင့် တပ်မတော်က ပစ်ခတ် နှိမ်နင်းခဲ့ခြင်းဖြစ်သည်။
 
ထိုသို့ပစ်ခတ်နှိမ်နင်းခဲ့ခြင်းကို မကျေနပ်သဖြင့် ဘူးသီးတောင်မြို့ နယ်၊ ဖုန်ညိုလိပ် ကျေးရွာအနီးရှိ နယ်မြေခံတပ်ဌာနချုပ်အား AA အကြမ်းဖက်သောင်းကျန်းသူများက ယင်းနေ့ ည ၇ နာရီ မိနစ် ၅၀ ခန့်တွင် လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။
 
စိုင်းဒင်ချောင်းအနီး AA အကြမ်းဖက်သောင်းကျန်းသူများကို ပစ်ခတ်နှိမ်နင်းရာတွင် သောင်းကျန်းသူများနှင့်အတူရှိနေသည့် သရက်ပြင်၊ ဒဖြူချောင်း၊ ကင်းတောင်၊ ထိပ်တူးပေါက်နှင့် ဖုန်ညိုလိပ်ကျေးရွာများမှ ဘင်္ဂါလီ ၆ ဦး သေဆုံးခဲ့ပြီး ၉ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများသည် ဘူးသီးတောင်မြို့၊ တပ်မတော်ဆေးရုံသို့ ရောက်ရှိလာသဖြင့် ဆေးဝါး ကုသမှုများ၊ ထောက်ပံ့မှုများ ဆောင်ရွက်ပေးပြီး လိုအပ်သော စိစစ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
 
အထက်ပါ ဖြစ်စဉ်နေရာများအား တပ်မတော်လုံခြုံရေးစစ်ကြောင်း များက နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
Credit
The Ladies News

 

Vote: 
No votes yet

Add new comment