Eleven မှ သတင်းသမားသုံးဦးအား တရားစွဲဆိုထားခြင်းကို ရန်ကုန်အစိုးရ အမှုရုတ်သိမ်းလွှာတင်၊ တရားရုံးက ရုတ်သိမ်းခွင့်ပြုကြောင်းအမိန့်ချ

Eleven Media မှ သတင်းသမားသုံးဦးအား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက အမှုရုတ်သိမ်းလွှာတင်ခဲ့ပြီး တာမွေမြို့နယ် တရားရုံးက ယနေ့ (နိုဝင်ဘာလ ၉ရက်) ရုံးချိန်းတွင် ရုတ်သိမ်းခွင့်ပြုကြောင်း အမိန့်ချခဲ့သည်။
 
သတင်းသမားသုံးဦးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွန်ကြားရးမှူးချုပ် ဦးတင်အောင်ခိုင်က တာမွေမြို့နယ် တရားရုံးတွင် အမှုရုတ်သိမ်းလွှာ တင်ခဲ့ခြင်းလည်း ဖြစ်သည်။
 
သတင်းသမားသုံးဦး၏ ရှေ့နေဖြစ်သူ ဦးကြည်မြင့်က `သူတို့က (တိုင်းအစိုးရ) လာတင်တယ်။ သတင်းမီဒီယာ ကောင်စီကိုလည်း တင်ပြထားတဲ့ အတွက်ကြောင့်မို့လို့ အခု ၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့ အမှုကို ရုတ်သိမ်းတယ်။ တရားက ရုတ်သိမ်းခွင့်ပြုလိုက်တယ်` ဟု ပြောကြားသည်။
 
ယခုလို တိုင်းအစိုးရက အမှုက ရုတ်သိမ်းလိုက်သည့် အတွက် သတင်းမီဒီယာ ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းမီဒီယာကောင်စီ မှ အတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာမင်းက ပြောကြားသည်။
 
နိုဝင်ဘာလ ၈ ရက်နေ့က တိုင်းအစိုးရအဖွဲ့ရုံးတွင် ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အစိုးရပိုင် မီဒီယာနှင့် အစိုးရနှင့် ဆက်စပ်သည့် သတင်းမီဒီယာကို Eleven ကိစ္စနှင့် ပတ်သက်ပြီး ခေါ်ယူတွေ့ဆုံ ပြောကြားရာ၌ အမှုကို ရုတ်သိမ်းမည်ဖြစ်ကြောင်းနှင့် မှားယွင်းကြောင်း ပြန်လည် ဖေါ်ပြပေးရန် တောင်းဆိုထားသည်ဟု ဆိုသည်။
 
`ဒီအမှုကို ဆက်ပြီးရုတ်သိမ်းဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက် သွားပါ့မယ်။ စာနယ်ဇင်းကောင်စီ ကိုလည်း ကျွန်တော်တို့ တိုင်ကြားထားပြီး ဖြစ်ပါတယ်။ စာနယ်ဇင်းကောင်စီရဲ့ ညှိနှိုင်းပေးမှု အပေါ်ကနေ ရလဒ်ကို စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ ဒီရလဒ်ကို ရှေ့အပတ်ထဲမှာ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ မှားယွင်းကြောင်း နိုင်ငံတော် သတင်းမီဒီယာ ကောင်စီနဲ့ စာနယ်ဇင်းတွေနဲ့ Eleven Media မှာ ပြန်လည်ဖေါ်ပြပေးဖို့ အတွက် ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ ဒီအခြအနေကို Eleven Media ဘက်က လိုက်နာကျင့်သုံး ဆောင်ရွက်သွားမယ် ဆိုရင်တော့ ဒီအမှုက ပြီးစီးသွားမှာ ဖြစ်ပါ တယ်။ လိုက်နာကျင့်သုံးမှု မရှိဘူး ဆိုရင်တော့ စာနယ်ဇင်ကောင်စီရဲ့ ညှိနှိုင်းပေးမှု မအောင်မြင်ခဲ့ဘူးဆိုရင် ဒီကိစ္စကို ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်` ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။
 
အောက်တိုဘာလ ၈ ရက်နေ့က Eleven တွင် ဖေါ်ပြခဲ့သည့် `အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ချေးငွေ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူရှယ်ယာ` ဆောင်းပါးသည် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို အကြည်ညို ပျက်စေသည်ဟုဆိုကာ Eleven မှ သတင်းသမား သုံးဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment