NCA လက်မှတ်ထိုး ၁၀ ဖွဲ့နှင့် မြောက်ပိုင်း ၇ ဖွဲ့တို့ နိုင်ဝင်ဘာ လလယ်တွင် တွေ့ဆုံရန်လျာထား

NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် `၀`ဦးဆောင်သည့် မြောက်ပိုင်း ၇ ဖွဲ့တို့ နိုဝင်လဘာလလယ်တွင် တွေ့ဆုံရန်လျာထား ထားကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက The Ladies News သို့ ပြောကြားသည်။
 
`ကျွန်တော်တို့လျာထားတာတော့ နိုဝင်ဘာလ ၁၂ ကနေ ၁၇ ကြားပေါ့။ တကယ်ဖြစ်မဖြစ်ကတော့ ကြိုးစားကြည့် ရမှာပါ့။ နေရာကတော့ အားလုံးအဆင်ပြေမယ့် နေရာပေါ့။ တရုတ်ပြည်ဖြစ်မလား၊ `၀`ဌာနချုပ် ပန်ဆန်းမြို့ဖြစ်မလား မသိသေးဘူး။ ထိုင်းနိုင်ငံကတော့ နည်နည်းခက်သလားပေါ့` ဟု ၄င်းက ပြောကြားသည်။
 
အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို မည့်သည့်ပုံစံ တည်ဆောက် မလဲဆိုသည့် ကိစ္စတွင် မြောက်ပိုင်းအဖွဲ့များ၏ အကြံဥာဏ်ကိုလည်း ရယူလိုကြောင်း၊ ထို့ပြင် လာမည့်နှစ်အတွင်း၌ ချုပ်ဆိုရန်ကြိုးပမ်းနေ သည့် ပြည်ထောင်စု သဘောတူစာချုပ်တွင် အားလုံး သဘောထား ပါဝင်ပါက ပိုကောင်းမည်ဖြစ်ကြောင်းနှင့် တွေ့ဆုံခြင်းမှာလည်း သဘောထား စုစည်းသည့်အနေဖြင့် တွေ့ဆုံခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။
 
`တစ်ယောက်ယောက်ကျန်ခဲ့ရင် ပြည်တွင်းစစ်က မငြိမ်းဘဲနဲ့ ဆက်ပြီး ပြဿနာထပ်ပေါ်နိုင်တာကို ဒါကြောင့် ဖြစ်နိုင်သလောက် သဘောထားတွေ ပါပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ၀င်ရောက်နိုင်တယ်ဆိုရင် ငြိမ်းချမ်းရေး အာမခံချက်လည်း ရှိမယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့လည်း လမ်းပိုချောမွေ့ မှာပေါ့။ ဒါကြောင့် သဘောထား စုစည်းတဲ့အနေနဲ့ တွေ့ကြတာ` ဟုဆိုသည်။
 
NCA လက်မှတ်ထိုး ၁၀ ဖွဲ့နှင့် မြောက်ပိုင်း ၇ ဖွဲ့တွေ့ဆုံပါက ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်၊ ၁၆ ရက်များတွင် ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေတွင် သဘောတူညီချက် မရရှိခဲ့သည့် ခွဲမထွက်ရေးအပါအ၀င် တစ်ဆို့နေသည့် အချက်များကိုလည်း မြောက်ပိုင်းအဖွဲ့၏ သဘောထားကို မေးမြန်းရန်ရှိသည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။
 
`ထိပ်သီးအစည်းဆွေးနွေးပွဲမှာ အဖြေမရဘဲနဲ့ နည်းနည်း တစ်ဆို့နေတဲ့ ဟာတွေကိုလည်း သူတို့ရဲ့သဘောထား မေးမှာပေါ့။ ကျွန်တော်တို့က တစ်ခုခုကိုလက်ခံတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲထဲ မပါသေးတဲ့အဖွဲ့တွေက လက်မခံဘူး ပြောရင် သူတို့နဲ့ ကျွန်တော် တို့ကြားမှာ နားလည်မှုလွဲဦးမယ်။ သဘောတူချက်တွေ လုံးလုံး လျားလျား မရသေးခင် အချင်းချင်းညှိတာ ကောင်းတယ်ဆိုပြီးတော့ အဲဒီလိုခေါ်တာပေါ့` ဟု ၄င်းကပြောကြားသည်။
 
NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်ရင်းသား လက်နက် ကိုင် ၁၀ ဖွဲ့မှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသးများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဖြစ်သည်။
 
NCA တွင် လက်မှတ်ရေထိုးထားခြင်း မရှိသည့် မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့မှာ `၀`အဖွဲ့ (UWSA)၊ ကချင် လက်နက်ကိုင် အဖွဲ့ (KIA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ဖြစ်ကြသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment