Weekly Eleven ဂျာနယ်ပါ ဆောင်းပါးနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြား

အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်ပါ ''အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနှင့် လူနာမည်ပေါက ပြည်သူ့ရှယ်ယာ'' ဟူသော ဆောင်းပါးနှင့်ပတ်သက်၍ ညှိနှိုင်း ဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ (MPC) သို့ တိုင်ကြားစာပေး ပို့ခဲ့ကြောင်း သိရသည်။
 
ဆောင်းပါးရေးသားဖော်ပြခဲ့သည့် သတင်းမီဒီယာအနေဖြင့် သတင်း မီဒီယာဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) (င)(ဆ) (ဈ) ပါ သတင်းမီဒီယာ သမား တစ်ဦး၏ တာဝန်နှင့် ကျင့်ဝတ်စည်းကမ်းများကို ချိုးဖောက် သည့်အတွက် ညှိနှိုင်းဖြေရှင်းပြီး အရေးယူပေးပါရန် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားစာပေးပို့ခဲ့မှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဦးမြင့်ကျော်က ''မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီကို ဒီနေ့တိုင်ကြားစာ ယူလာတယ်။ ပြီးခဲ့တဲ့ နေ့တွေကတည်းက Eleven Media Group ကနေ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီကို ကြားဝင်ဖြေရှင်းပေး ဖို့ အကူအညီတောင်းထားတဲ့စာရှိတဲ့ အတွက်ကြောင့် ရန်ကုန် တိုင်းဒေသကြီးကို ဖိတ်ကြားခဲ့တာပါ။ ဒီလိုဖိတ်ကြားတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလာတယ်။ အဲဒီမှာ သူတို့က ကောင်စီကို တိုင်ကြားစာပို့သွားတာပါ။ လုပ်ထုံးလုပ်နည်းအရ ဖြည့်ရတဲ့ပုံစံတွေလည်း သူတို့ဖြည့်ပြီး ဒီနေ့ညနေပဲ ပြန်လာပို့ တယ်လို့ပြောတယ်။ ကောင်စီ အနေနဲ့ Eleven Media Group ကို မနက်ဖြန်မနက် ၁၁ နာရီခွဲမှာ ဖိတ်ကြား ထားတယ်။ တကယ်ဆိုရင် ဒီအမှုကို တရားစွဲဆိုတဲ့ တရားလိုဘက်က ပြန်ရုပ်သိမ်းဖို့ လိုအပ်လိမ့်မယ်။ ဒီလိုရုပ်သိမ်းမှ ကောင်စီကနေ ဥပဒေ၊ နည်းဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက်လို့ရမယ်''ဟု ပြောကြားသည်။
 
သတင်းမီဒီယာဥပဒေအရ သတင်းမီဒီယာသမားတစ်ဦးသည် သတင်း မီဒီယာဥပဒေတွင် ပြဋ္ဌာန်းပါရှိသည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်းယူဆလျှင် ရှေးဦးစွာကောင်စီသို့ တိုင်ကြားနိုင်ကြောင်း၊ ကောင်စီ အနေဖြင့် တိုင်ကြားချက်ကိုလက်ခံရရှိပါက နှစ်ဖက်တွေ့ဆုံညှိနှိုင်းဖြေရှင်းခြင်း ဆိုင်ရာ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး ကောင်စီတွင် ညှိနှိုင်းဖြေရှင်း၍ ပြေလည်မှုမရှိပါက တိုင်ကြားသူ သို့မဟုတ် ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာတရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ကြောင်း သိရသည်။
 
''သတင်းမီဒီယာသမားတွေကို တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး အဖွဲ့ အစည်းတွေ အထူးသဖြင့်တော့ အစိုးရ၊ တပ်မတော်၊ လွှတ်တော် တို့အနေနဲ့ တရားစွဲခြင်းမပြုမီမှာ သတင်းမီဒီယာကောင်စီဟာ တိုင်ကြားလို့ရတဲ့ဌာနတစ်ခု ဖြစ်တယ်ဆိုတာကို မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲတွေမှာလည်း ပြောခဲ့ကြပါတယ်။ အဲဒီဟာမျိုးကို အဖွဲ့အစည်းတွေအနေနဲ့ လိုက်နာကျင့်သုံးစေချင်ပါတယ်။ တတ်နိုင်သရွေ့ တရားရုံးကို မရောက်အောင်ပါ။ ကောင်စီနဲ့ ဖြေရှင်းပြီး အကယ်၍ မပြေလည်ခဲ့ဘူးဆိုမှ တရားဥပဒေအရ ဆက်လက်ပြီးဖြေရှင်းရမယ့် အခွင့်အလမ်းရှိတယ်။ တရားမစွဲခင်မှာ ကောင်စီကို အရင်ဆုံးတိုင်ကြားစေချင်ပါတယ်။ ဒါက ကောင်းတဲ့ နမူနာ၊ ကောင်းတဲ့ အစဉ်အလာဖြစ်အောင်လို့ပါ။ မီဒီယာ သမားတွေလည်း မလိုအပ်ဘဲနဲ့ တရားစွဲခံရတာတို့၊ ဖမ်းဆီးခံ ရတာတို့ မဖြစ်အောင်ပါ။ ဒါကြောင့် သတင်းမီဒီယာကောင်စီမှာ တိုင်ကြား လို့ရတယ်ဆိုတာကို သိစေချင်တယ်''ဟုလည်း ဦးမြင့်ကျော်က ပြောကြားခဲ့သည်။
 
Credit - MOI
The Ladies News

 

Vote: 
No votes yet

Add new comment