ကုန်တင်ယာဉ်များ၊ တွဲကားများ၊ ကွန်တင်နာ ကားများ သတ်မှတ်ချိန်မဟုတ်ဘဲ မောင်းနှင် သွားလာပါက မော်တော်ယာဉ် ဥပဒေအရ ထိရောက်စွာ အရေးယူ လျက်ရှိ

ကုန်တင်ယာဉ်များ၊ တွဲကားများ၊ ကွန်တင်နာ ကားများကို သတ်မှတ်ချိန်မဟုတ်ဘဲ မောင်းနှင်သွားလာပါက မော်တော်ယာဉ် ဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အောက်တိုဘာ ၄ ရက်တွင် ပြောကြားသည်။
 
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲသွားလာ လျက်ရှိသော ကုန်တင်ယာဉ်များ၊ တွဲကားများ၊ ကွန်တင်နာ ကားများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတ်မှတ်ချိန်တစ်ခု ထုတ်ပြန်ပြီး ပြေးဆွဲစေခဲ့ခြင်းနှင့် ပတ်သတ်၍ မူလထုတ်ပြန်ထားသော ညွှန်ကြားချက်မှာ အသက်ဝင်လျက် ရှိပါသေးသလား၊ အသက်ဝင်လျက် ရှိသည်ဆိုပါက မည်သည့်အတွက်ကြောင့် အရေးယူဆောင်ရွက်မှု မရှိပါသလဲ ဆိုသည့် မေးခွန်းကို ပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ် သည်။
 
“ကုန်တင်ယာဉ်များ၊ တွဲကားများ၊ ကွန်တင်နာ ကားများကို သတ်မှတ်ချိန်မဟုတ်ဘဲ မောင်းနှင်သွားလာပါက မော်တော်ယာဉ် ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ရှိပြီး ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ကုန်သေတ္တာ ယာဉ်အသင်းမှ တာဝန်ရှိသူများနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ ယာဉ်စည်းကမ်း ထိန်းသိမ်းရာတွင် ထိရောက်မှု ရှိစေရေးအတွက် မြို့နယ်အလိုက် မော်တော်ယာဉ်ပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်းသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။” ဟု ဝန်ကြီးက ပြောသည်။
 
ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်၍ အသင်းအဖွဲ့များ၊ ကုမ္ပဏီများမှ ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ တင်ပြခဲ့သည့် ကိစ္စရပ်များ အပေါ် မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များ အသင်း၏ တင်ပြချက်အရ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၅.၅.၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ(၃)၌ ပြုလုပ်သည့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ကုန်သေတ္တာ ယာဉ်နှင့် ကုန်တင်ယာဉ်များအား ဘုရင့်နောင်လမ်းနှင့် ကမ်းနားလမ်းတို့မှာ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ဘုရင့်နောင်လမ်းနှင့် ပုလဲလမ်းဆုံမှ မြို့တွင်း ကုန်သေတ္တာ ယာဉ်ဝင်းများသို့ (၁၁)နာရီ အချိန်မှ ယာဉ်တန်းဖြင့် စတင်ထွက်ခွာပြီး (၁၂)နာရီခွဲ နောက်ဆုံး ထွက်ခွာရန်နှင့် ကမ်းနား ကွန်ကရစ်လမ်း၊ ဟုန်းလမ်းထိပ်မှ (၁)နာရီ ယာဉ်တန်းဖြင့် ထွက်ခွာပြီး (၂)နာရီ နောက်ဆုံး ထွက်ခွာရန်ဖြစ်ကြောင်း သိရသည်။
 
“ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့ချနိုင်ရေးနှင့် အများပြည်သူ သွားလာမှု အဆင်ပြေစေရေး အတွက် ကုန်သေတ္တာ ယာဉ်နှင့် ကုန်တင်ယာဉ်များအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာ(၇) ရက်နေ့မှစ၍ ယာဉ် + ကုန် (၉)တန်၊ ဝင်ရိုး (၂)ချောင်း၊ (၆)ဘီး အထက်ယာဉ်များအား ည (၂၁း၀၀) နာရီမှ နောက်တစ်နေ့ နံနက် (၆) နာရီအထိ မောင်းနှင်ခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ကုန်သေတ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ်များ စနစ်တကျ သွားလာနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ဝန်ကြီးဒေါ်နီလာကျော်က ဆက်လက်ပြောကြားခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment