ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး တရုတ်၏ ရပ်တည်ချက်ကို ကျေးဇူးတင်သည်ဟု NLD ပြော

နိုင်ငံတကာနယ်ပယ်တွင် ဖိအားပေးခြင်းခံနေရသော ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရပ်တည်ချက်ကို ကျေးဇူးတင်သည်ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က The Ladies News သို့ပြောကြားသည်။
 
NLD ပါတီမှ ဒုဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ စက်တင်ဘာလ ၁၈ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီဝင်၊ အတွင်းရေးမှူး အဖွဲ့ဝင်၊ ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး Mr. Huang Kumming ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က ပီကင်းမြို့၊ ပြည်သူ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
 
ထိုသို့တွေ့ဆုံရာ ဆွေးနွေးခဲ့သည်များကို ဒေါက်တာမျိုးညွှန့်က `အဓိကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နောက်ပြီး စီးပွားရေးလုပ်ကိုင်တဲ့ လုပ်ကိုင်မှု နည်းလမ်းစနစ်တွေ ဒါတွေကို ခေါ်ပြီးတော့ အတွေ့အကြုံချင်း ဖလှယ်တဲ့ သဘောပါ`ဟု ပြောသည်။
 
ရခိုင်အရေးကိစ္စနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများထက်စာလျှင် တရုတ်နိုင်ငံ နှင့် အာဆီယံနိုင်ငံများသည် မြန်မာလူမျိုးများ ခံစားနေရသည့် အခက်အခဲကို ပိုပြီးသိမြင်နိုင်စွမ်း ရှိသည့်အတွက် အဆိုပါရပ်တည်ချက်နှင့် ပတ်သက်ပြီး ကျေးဇူးတင်ကြောင်း တရုတ်ကွန်မြူနစ်ပါတီသို့ ပြောကြားခဲ့သည်ဟု ဆိုသည်။
 
`မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် အနောက်နိုင်ငံတွေထက်စာရင် တရုတ်အပါအ၀င် အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်း အာဆီယံနိုင်ငံတွ ဒီဟာတွေက ပိုပြီးတော့ သဘောပေါက်နားလည်တယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ခံစားနေရတဲ့ အခက်အခဲကို သူတို့ပိုပြီးတော့ သိမြင်နိုင်စွမ်းရှိပါတယ်။ အဲဒီတော့ သူတို့ရဲ့ ရပ်တည်ချက်အတွက် ကျေးဇူးတင်ကြောင်းတော့ ကျွန်တော်တို့ ပြောခဲ့ပါတယ်` ဟု ဒေါက်တာမျိုးညွန့် က ပြောကြားသည်။
 
တရုတ်ကွန်မြူနစ်ပါတီသည် NLD ပါတီ အာဏာမရခင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကာလများကလည်း NLD ပါတီမှ ဗဟိုကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များကို တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဖိတ်ကြားခဲ့ခြင်းများရှိခဲ့သည်။
 
ရခိုင်အရေးကိစ္စနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၊ အမေရိကန်နှင့် အနောက်နိုင်ငံများက ပြင်ထန်းသည့် ဖိအားပေးနေခြင်းကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးသည် ယခင်ထက်စာလျှင် ပိုမိုနီးကပ်သွားမည်ဟု နိုင်ငံရေးလေ့လာသူများကလည်း သုံးသပ်နေကြသည်။
 
ထို့ပြင် တရုတ်နိုင်ငံသည် ၄င်းနှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသည့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အစိုးရနှင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား အဓိက ကြားဝင်စေ့စပ်သူအဖြစ် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment