မန်ယူအသင်းရဲ့ လွှမ်းမိုးမှုတွေကို အဆုံးသတ်ဖို့ မန်စီးတီးကို ရောက်လာခြင်းဖြစ်တယ်လို့ ကြုံးဝါးပြောဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ

လက်ရှိမန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူး ထားနိုင်တဲ့ အသင်းရဲ့နည်းပြကြီး ပက်ဂွါဒီယိုလာက ၄င်းအနေနဲ့ မန်စီးတီးအသင်းကို ရောက်ရှိလာရခြင်းမှာ မန်ယူအသင်းရဲ့ သမိုင်းတစ်လျှောက် လွှမ်းမိုးနေမှုတွေကို အဆုံးသတ်ဖို့အတွက် ဖြစ်တယ်လို့ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။
 
မန်ချက်စတာ စီးတီးအသင်းနဲ့ မန်ယူအသင်းတို့ဟာ မန်ချက်စတာ မြို့တစ်မြို့တည်းမှာ ရှိနေကြတဲ့ ခါးသီး ပြိုင်ဘက်အသင်း ၂ သင်းဖြစ်ပြီး မန်ယူအသင်းဟာ အကြိမ် ၂၀ အထိ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးထားနိုင်ပြီး အင်္ဂလန်ပြည်တွင်းမှာ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတာလည်းဖြစ်ပါတယ်။ သို့သော် နည်းပြကြီး ဖာဂူဆန် အသင်းမှ အနားယူပြီး နောက်ပိုင်းမှာတော့ မန်ယူအသင်းဟာ အဆိုပါ ဆုဖလားတွေကို ထပ်မံရယူနိုင်ခြင်း မရှိတော့ဘဲ ၅ နှစ်ကြာ အောင်မြင်မှုနဲ့ ဝေးကွာနေခဲ့ရပါတယ်။ မန်စီးတီးအသင်းကတော့ မန်ယူတို့ အောင်မြင်မှုမရရှိတဲ့ ၅ နှစ်ကာလအတွင်းမှာ အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ၂ ကြိမ်တိုင် သိမ်းပိုက်ထားနိုင်ပြီး လက်ရှိမှာလည်း အင်္ဂလန်ရဲ့ ထိပ်သီးအသင်းတစ်သင်းအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။
 
ဒါ့အပြင် မန်စီးတီးအသင်းဟာ ယခုလက်ရှိမှာ မန်ယူအသင်းကို ရင်ဘောင်တန်းနိုင်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ် ဆုဖလား အတွက်ရေပန်းအစားဆုံး အသင်းအဖြစ်လည်း သတင်းမီဒီယာတွေနဲ့ ဘောလုံးကျွမ်းကျင် ပညာရှင်တွေအကြား အသိအမှတ်ပြုခြင်းကို ခံနေရတာလည်းဖြစ်ပါတယ်။
 
၎င်းရဲ့ လက်ထက်မှာ အသင်းအနေနဲ့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့ပေ မယ့်လည်း ဂွါဒီယိုလာကတော့ ၄င်း မန်စီးတီးအသင်းမှာ နည်းပြ အဖြစ်လုပ်ကိုင်နေရတဲ့ တစ်ခုတည်းသော ရည်မှန်းချက်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတောတွင်းက အမြဲလိုလို အနိုင်ရနေတဲ့ အိမ်နီးချင်းအသင်းရဲ့ အောင်မြင်မှုတွေကို ရပ်တန့်ဖို့အတွက် ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။
 
ဂွါဒီယိုလာက “လွန်ခဲ့တဲ့ နှစ် ၂၀ အတောတွင်းက အမြဲလိုလို အနိုင်ရနေတဲ့ အိမ်နီးချင်းအသင်း ရှိခဲ့ပါတယ်။ ကျွန်တော် မန်စီးတီးကို ရောက်ရှိလာရခြင်းဟာလည်း အဲ့ဒါကို ရပ်တန့်ပစ်ဖို့အတွက်ပါပဲ။ ကျွန်တော်ဒါကို ကြိုးစားပြီး ပြောင်းလဲနေပါတယ်။ အဲ့ဒါကို ရပ်တန့်နိုင်ဖို့ က ကျွန်တော့်ရဲ့ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ မန်ချက်စတာ တစ်မြို့လုံး အပြာရောင်တွေ လွှမ်းနိုင်ဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာပါ” လို့ ဂွါဒီယိုလာက ကြုံးဝါးပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
 
ဂွါဒီယိုလာဟာ ၂၀၁၆ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၄င်းရဲ့ ပထမရာသီကို ဖလားလက်မဲ့ဖြင့်သာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ သို့သော် ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ မှာတော့ အသင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဖလားနဲ့ ကာရာဘောင် ဖလားတို့ကို ရယူပေးနိုင်ခဲ့ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment