ဘာစီလိုနာစတားကို ပေါင် ၈၈ သန်းနဲ့ခေါ်ယူဖို့ ကြိုးစားနေတဲ့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်

ဒီရာသီမှာ အကောင်းဆုံး တိုက်စစ်တွဲကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးလ်နည်းပြကြီး ယာဂန်ကလော့ပ်ဟာ လာမယ့်ရာသီမှာ မန်စီးတီး၊ မန်ယူ အစရှိတဲ့ အသင်းကြီးတွေကို စိန်ခေါ်နိုင်ဖို့အတွက် ဘာစီလိုနာစတား အူစမာနီဒမ်ဘီလီကို ပေါင် ၈၈ သန်းနဲ့ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ကစားသမား၏ မိခင်နဲ့လည်း မကြာခင် တွေ့ဆုံသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဆိုပါ လီဗာပူးလ်နည်းပြဟာ ဒမ်ဘီလီကို ခေါ်ယူနိုင်ဖို့ အခုလို ပြင်းပြင်းထန်ထန် ကြိုးပမ်းနေပေမယ့်လည်း လက်တွေ့မှာ ကစားသမားကို ခေါ်ယူဖို့ ခက်ခဲနေပါတယ်။
 
ဒမ်ဘီလီဟာ ဒေါ့မွန်အသင်းကနေ ဘာစီလိုနာအသင်းကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ယခုနှစ်ရာသီမှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေခဲ့ရတာကြောင့် တစ်ရာသီလုံးမှာ အသင်းအတွက် ၂၄ ပွဲသာ ပါဝင်ခွင့်ရရှိထားပြီး ဖန်တီးမှု ၉ ကြိမ် ပြုလုပ်ထားနိုင်ကာ ၄ ဂိုး သွင်းယူပေးထားသူလည်း ဖြစ်ပါတယ်။
 
စပိန်သတင်းတစ်ခုရဲ့ ဖော်ပြချက်မှာတော့ ဒမ်ဘီလီဟာ စပိန်မြေမှာ တစ်ရာသီကြာသာ ကစားထားရတာကြောင့် အသင်းမှ ထွက်ခွာသင့်၊မသင့်ကို ချင့်ချိန်နေတယ်လို့သိရပြီး လီဗာပူးလ်တာဝန်ရှိသူတွေကတော့ အဆိုပါ ကစားသမားကို ခေါ်ယူဖို့ ပေါင် ၈၈ သန်းအထိ ကလော့ပ်ကို အသုံးပြုခွင့် ပေးထားတယ်လို့ သိရပါတယ်။ ဘာစီလိုနာ အသင်းကတော့ ဒမ်ဘီလီလို ငယ်ရွယ်တဲ့ ကစားသမားကို ဆက်လက် ထိန်းသိမ်းထားချင်ပေမယ့်လည်း ယခုနွေရာသီမှာ ခေါ်ယူဖို့ ရေပန်းစားနေတဲ့ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းကိုသာ ပိုင်ဆိုင်နိုင်ခဲ့ပါက အဆိုပါ လူငယ်ကစားသမားကို ပြန်လည် ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။ ကလော့ပ်ဟာလည်း အဆိုပါ ကြယ်ပွင့်ကစားသမားကို ခေါ်ယူလိုနေပြီး ၄င်းရဲ့ မိခင်ဟာ ကစာသမား အန်ဖီးလ်ကို ရောက်လာဖို့အတွက် ကြားဝင် ဆောင်ရွက်ပေးနိုင်တယ်လို့ ယုံကြည်နေတာကြောင့် မကြာခင်မှာ ကစားသမားရဲ့ မိခင်နဲ့ ဆုံတွေ့နေလိုတာ လည်း ဖြစ်ပါတယ်။
 
ဒါ့အပြင် ကလော့ပ်ဟာ ဒမ်ဘီလီကို ဒေါ့မွန်အသင်းမှာ ကစားစဉ်ကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ ဖြစ်လာဖို့အတွက်လည်း မကြာခင်မှာ ကစားသမားနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ အဆိုပါ စပိန်အခြေစိုက် သတင်းစာက ထပ်မံဖော်ပြထားပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment