စပါးအသင်းနဲ့ ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်တဲ့ ပိုချက်တီနို

စပါးအသင်းဟာ ၄င်းတို့ကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြကြီး ပိုချက်တီနိုကို အသင်းနဲ့ ၅ နှစ်သက်တမ်းတိုး စာချုပ်ထပ်မံချုပ်ဆိုလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ နည်းပြကြီးဟာ ၂၀၁၄ ခုနှစ်မှာ စပါးအသင်းရဲ့ နည်းပြတာဝန်ကို စတင်ထမ်းဆောင်ခဲ့တာ ဖြစ်ပြီး ၄င်းရောက်ရှိလာပြီးနောက် တော့တင်ဟမ် အသင်းဟာ နှစ်စဉ် ထိပ်သီး ၄ သင်းနေရာမှာ ရပ်တည်လာနိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာတော့ အဆင့် ၂ နေရာအထိပါ တက်လှမ်းနိုင်ခဲ့ပါတယ်။
 
အဆိုပါနည်းပြကြီးဟာ လာမယ့်နွေရာသီမှာ ကစားသမား အသစ်တွေနဲ့ အသင်းကို ထပ်မံအင်အားဖြည့်လိုနေပြီး ၄င်းရဲ့ လုပ်ခလစာကို ထပ်တိုးတောင်းဆို ထားတာကြောင့် တော့တင်ဟမ်မှာ ၄င်းရဲ့ အနာဂတ်ဟာ မတည်မငြိမ် ဖြစ်နေခဲ့တယ်လို့ မကြာသေးမီက သတင်းတွေထွက် ပေါ်နေခဲပြီး ယခုအချိန်မှာတော့ အဆိုပါအသင်းနဲ့ အတူ ၅ နှစ်သက်တမ်းရှိ စာချုပ်ကို အပြီးသတ်ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
 
စာချုပ်သစ်ချုပ်ဆိုခြင်းနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက "အသင်းက ကျွန်တော့်ကို အခုလို ၅ နှစ်သက်တမ်းရှိ ကာလရှည် စာချုပ်ကို ချုပ်ဆိုခဲ့တဲ့ အတွက် ကျွန်တော်အရမ်းကို ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ဟာ ကလပ်သမိုင်းတစ်လျှောက် အကောင်းဆုံးသော အချိန်တွေကို ဖြတ်သန်းနေရပါတယ်။ အခုလို ကြီးကျယ်ခမ်းနားတဲ့ ကွင်းပြင်ကြီးမှာ နည်းပြခွင့်ရတဲ့ အတွက်လည်း ၀မ်းမြောက်မိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ ခမ်းနားတဲ့ အရာတွေ ဖြစ်လာဖို့အတွက် အစီအစဉ်ကောင်းတွေ စတင်လုပ်ဆောင်နေပါပြီ။ ပြီးခဲ့တဲ့ ရာသီမှာလည်း ကျွန်တော်နဲ့ အတူ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့သူတိုင်းကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒန်နီယယ်နဲ့ အသင်းရဲ့ အနာဂတ်အကြောင်းတွေ ပြောခဲ့ပြီးပါပြီ ကျွန်တော်တို့ ၂ ဦးစလုံးဟာ အသင်းကို ရေရှည်အောင်မြင်မှု ရရှိနိုင်ဖို့အတွက် တူညီတဲ့ အတွေးအခေါ်တွေ ပိုင်ဆိုင်ထားကြပါတယ်" လို့ ပိုချက်တီနိုက ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။
 
ကာလရှည် စာချုပ်သက်တမ်းတစ်ခုကို ထပ်မံချုပ်ဆိုခဲ့တဲ့ ပိုချက်တီနိုဟာ တစ်နှစ်လုပ်ခ ပေါင် ၈.၅ သန်းအထိ ရရှိမှာ ဖြစ်တယ်လို့ သိရပြီး ၄င်းရဲ့စာချုပ်သက်တမ်းဟာ ၂၀၂၃ မှ ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါနည်းပြဟာ လစာငွေ တိုးမြင့်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံး နည်းပြအဖြစ် ဂွါဒီယိုလာ၊ မော်ရင်ဟိုတို့နောက် တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment