၇၁ နှစ်မြောက် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာ အစားအစာရောင်းချပွဲနှင့် ပဒေသာကပွဲ ကျင်းပ

၇၁ နှစ်မြောက် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာ အစားအစာ ရောင်းချပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရန်ကုန်စီးပွားရေး တက္ကသိုလ် (ရွာသာကြီး)၌ ကျင်းပခဲ့သည်။
 
ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးညီလှငယ်၊ ဒေါက်တာအောင်ထွန်းသက်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်နိုင်ဦး၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်နှင့် တာဝန်ရှိသူများက တိုင်းရင်းသားရိုးရာ အစားအစာ ရောင်းချပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
 
ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ အမျိုးသား ပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးညီလှငယ်၊ ဒေါက်တာအောင်ထွန်းသက်၊ ပါမောက္ခချုပ်များနှင့် ဧည့်သည်တော်များသည် တိုင်းရင်းသား ရိုးရာအစားအစာ ရောင်းချသည့် ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုကြသည်။
 
ဆက်လက်၍ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချပွဲနှင့် ပဒေသာကပွဲ အခမ်းအနား အစီအစဉ် ဒုတိယပိုင်းကို အဆိုပါကျောင်းရှိ ပင်မဆောင်ခန်းမ၌ ဆက်လက်ကျင်းပရာ တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ဒေါက်တာအောင်ထွန်းသက်တို့က အဖွင့်အမှာစကား ပြောကြားသည်။
 
ထို့နောက် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်နိုင်ဦးက ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နှင့် အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးညီလှငယ်တို့အား ရန်ကုန်စီးပွားရေး တက္ကသိုလ်၏ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ပဒေသာကပွဲ အခမ်းအနား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်သည်။
 
ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် တာဝန်ရှိသူများက တိုင်းရင်းသားရိုးရာ အဆိုအကများနှင့် ဖျော်ဖြေတင်ဆက် ကြမည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ကြသည်။ ထို့နောက် ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက တိုင်းရင်းသားရိုးရာ အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
 
ဓာတ်ပုံ-ပညာရေးဝန်ကြီးဌာန
The Ladies News
 

 

Vote: 
No votes yet

Add new comment