ဂိုးသွင်းစွမ်းရည်ကောင်းမွန်နေရတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ လီဗာပူးလ်တိုက်စစ်မှူး ဖာမီနို

ယခုနှစ်ရာသီမှာ လီဗာပူးလ်အသင်းရဲ့ သွင်းဂိုးတွေနဲ့ ပတ်သက်လာရင် ပရိသတ် တော်တော်များများဟာ မိုဟာမက်ဆာလက်ကိုပဲ အာရုံစိုက်နေ ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း ရော်ဘက်တို ဖာမီနိုဟာလည်း မေ့ထားလို့မရတဲ့ ကစားသမားတစ်ဦး ဖြစ်လို့နေပါတယ်။
 
ဘရာဇီးတိုက်စစ်မှူး ဖာမီနိုဟာ ယခုလက်ရှိအချိန်မှာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ဂိုး သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၃၊ ၂၀၁၄ ခုနှစ် ဘောလုံးရာသီက ဟော့ဖန်ဟိန်းအသင်းမှာ သွင်းယူထားနိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ သွင်းဂိုး ၂၂ ဂိုး ဆိုတဲ့ ကိုယ်ပိုင်သွင်းဂိုး မှတ်တမ်းကို ကျော်ဖြတ်နိုင်ဖို့ ရှိနေပြီ ဖြစ်ပါတယ်။
 
လီဗာပူးလ်အသင်းရဲ့ နည်းပြကြီး ကလော့ကလည်း ၄င်းရဲ့ အရည်အသွေးတွေကို အမြဲလိုလို ပြောကြားလေ့ရှိပြီး မကြာသေးမီကလည်း ဖာမီနိုဟာ ကမ္ဘာ့အဆင့်မီ ကစားသမားတစ်ဦး ဖြစ်တယ်လို့ ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
 
ဖာမီနိုကလည်း ၄င်းအခုလို စွမ်းဆောင်နိုင်တာတွေဟာ ၄င်းရဲ့လေ့ကျင့်မှုတွေနဲ့ သက်ဆိုင်မှုရှိကြောင်း ပြောဆိုထားပါတယ်။
 
ဖာမီနိုက “ကျွန်တော် ဂိုးဧရိယာထဲမှာ ဘောလုံးလွတ်လွတ်ကျွတ်ကျွတ် ရလာတဲ့အခါ အသင်းဖော်တွေကို ကျွန်တော် အရင်ဆုံး ရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် ဧရိယာထဲမှာ တစ်ဦးမှ အကောင်းဆုံးနေရာယူထားတာ မရှိပါဘူး။ အဲဒီအချိန်မှာ ပြိုင်ဘက်အသင်းရဲ့နောက်တန်းတွေဟာ အကောင်းဆုံးနေရာ ယူထားကြပါတယ်။ ဒါ့ကြောင့် ကျွန်တော် ရတဲ့ အခွင့်အရေးကနေ ဂိုးကန်သွင်းခဲ့ပြီး ဂိုးရခဲ့ပါတယ်။ ဒီဂိုးကို ကျွန်တော်ကျဉ်းမြောင်းတဲ့ နေရာလွတ်လေးကနေ ကန်သွင်းယူနိုင်ခဲ့တာပါ။ ကျွန်တော် ငယ်ငယ်တုန်းက ဘောလုံးကစားတဲ့အခါမှာ ဂိုးကျဉ်းတွေနဲ့ ကစားလေ့ရှိပါတယ်။ များသောအားဖြင့်ကျွန်တော် ကိုယ့်ရဲ့ဂိုးသွင်းစွမ်းရည်ကို ဒီလို ပိုက်မရှိတဲ့ ဂိုးကျဉ်းလေးတွေနဲ့ အမြဲလေ့ကျင့်ခဲ့ပါတယ်။ ဒီဂိုးကျဉ်းလေးတွေမှာ ဂိုးသမားရှိနေရင်တောင် ကျွန်တော် ရအောင်ဂိုးသွင်းနိုင်လေ့ ရှိခဲ့ပါတယ်။ ဒါဟာ အခုလို ဂိုးတွေသွင်းယူနိုင်တဲ့ အကြောင်းရင်းလို့ ထင်ပါတယ်" လို့ ပြောကြားထားပါတယ်။
 
Ref: Goal.com
The ladies news
 

 

Vote: 
No votes yet

Add new comment