ပန်းလှိုင်ဘူတာ ခုံးတံတားအောက် သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသည့် အသက်လေးနှစ်အရွယ် မိန်းကလေးငယ် အနေဖြင့် ဒုတိယအကြိမ် အသေးစားခွဲစိတ်မှုခံယူပြီးမှ ဆေးရုံဆင်း၍ရမည်ဖြစ်ကြောင်း ကလေးဆေးရုံအုပ်ပြော

ပန်းလှိုင်ဘူတာ ခုံးတံတားအောက် သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသူ ကာယကံရှင်မိန်းကလေး အနေဖြင့် ဒုတိယအကြိမ် အသေးစားခွဲစိတ်မှု ခံယူပြီးမှ ဆေးရုံဆင်းလို့ရမည်ဖြစ်ကြောင်း ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်ပင်)၏ ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးက ပြောသည်။
 
စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက် ပန်းလှိုင်ဘူတာ အနီး ပန်းလှိုင်ခုံးတံတားအောက်တွင် နေထိုင်သည့် အသက်လေးနှစ် အရွယ် မိန်းကလေးငယ်အား သားမယားပြုကျင့် ခံရသဖြင့် ကလေးဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိရာ ကလေးမ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး သတင်းမီဒီယာများ မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
 
ဆေးရုံအုပ်ကြီးက “ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ ကလေးနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ခွဲစိတ် ကုသလမှုတွေ ဆောင်ရွက်ပေးထားပြီးတော့ ကလေးကျန်းမာရေးအခြေအနေ ကောင်းပါတယ်။ သက်ငယ်မုဒိမ်း ဖြစ်တယ်ဆိုရင် လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ဆက်သွယ်ရပါတယ်။ ဆက်သွယ်ပြီးတော့ ဒီဘက်က ဆေးဝါးကုသမှု ပြီးသွားရင် လှုမှုဝန်ထမ်းဦးစီးဌာနကနေပြီး ဒီကလေးကို စိတ်ကျန်းမာရေးအတွက်ရော အခြားလိုအပ်ချက်တွေ လုပ်ဆောင်ပေးပါတယ်။ ဆေးရုံကတော့ မဆင်းရသေးပါဘူး။ နည်းနည်းတော့ ကျန်ပါသေးတယ်။ ကလေးက ဆေးကုသပြီးတဲ့ အချိန် ဒုတိယအကြိမ် အသေးစားခွဲစိတ်မှု ထပ်လုပ်ရဦးမှာ ဖြစ်ပါတယ်။ အဲ့ဒါပြီးလိုရှိရင် ဆေးရုံက ဆင်းရမှာဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
 
သက်ငယ်မုဒိမ်းပြုကျင့်ခံရသည့် ကလေးငယ်မလေး အခြေအနေနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ် အနေဖြင့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဆေးကုသမှုခံယူနေသည့် ဆေးရုံအုပ်ကြီးတို့အား လာရောက်စုံစမ်း မေးမြန်းသည်။ ထို့နောက် သက်ငယ်မုဒိမ်း ကျူးလွန်ခံရသူ မိန်းကလေး၏ မိခင်ဖြစ်သူအား ကော်မရှင်ကိုယ်စား အလှူငွေတစ်သိန်း ပေးအပ်ခဲ့သည်။
 
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အတွင်းအရေးမှူးက အခင်းဖြစ်ပွားရာ ပန်းလှိုင်ဘူတာ ခုံးတံတား အောက်ရှိ မိန်းကလေးငယ်နှင့် မိသားစုများနေထိုင်ရာ နေရာအား ကိုယ်တိုင်ကြည့်ရူခဲ့သည်။ ကော်မရှင် အတွင်းရေးမှူး အနေဖြင့် ယခု သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်ပြီး အမှုဖော်ထုတ်နေသည့် အခြေအနေကို လေ့လာပြီးတော့ စောင့်ကြည်ပြီး အမြန်ဆုံး တရားခံပေါ်ပေါက်ပြီး တရားခံမိသည့်အခါတွင် တရားရေးမှ ထိရောက်သည့် ပြစ်ဒဏ်ချမှတ်ခြင်းရှိမရှိ စောင့်ကြည်သွားမည် ဖြစ်ကြောင်း ပြောသည်။ ၎င်းအပြင် သက်ငယ်မုဒိမ်းများ နောင် မဖြစ်ပွားအောင်၊ လျော့နည်းသွားအောင် ပပျောက်သွားအောင် တွန်းအားပေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မီဒီယာများမေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။
 
ဦးဘုန်းကြွယ်က“အဓိက ကတော့ ကိုယ်တို့မြင်တာတော့ လူတွေရဲ့စားဝတ်နေရေး မပြေလည်မှု ကျပ်တည်းမှုကနေ ဆိုလိုတာကတော့ နိစ္စဓူဝ စားဝတ်နေရေးကို ဂရုစိုက်ရတဲ့အတွက် ကိုယ်ရဲ့ မိသားစု ကလေးသူငယ်တွေကို လှည့်မကြည်နိုင်တဲ့ အနေအထားတွေ ဖြစ်တယ်။ မိဘက သားသမီးကို မကြည့်နိုင်ဘူး၊ ဒါလေးတွေက ယိုပေါက်ရှိနေမှာပဲ။ ဒါကို အခွင့်ကောင်းယူတဲ့ သူတွေက သူတို့လိုတဲ့ ဆန္ဒပြည့်အောင် နည်းလမ်းပေါင်းစုံ ဆောင်ရွက်သွားကြတာ တွေ့ရတယ်။ အဓိကကတော့ ဆင်းရဲနွမ်းပါးမှု အဓိကဖြစ်ပါတယ်။ အခုမြင်တဲ့အတိုင်းပဲ ဒီတံတားအောက်မှာ ၇ နှစ်လောက်ရှိပြီ နေတယ်ဆိုတဲ့ အနေအထား ဘယ်လောက် ဆင်းရဲနွမ်းပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ အနေအထားကနေမှ ကလေးသူငယ်တွေကို လွယ်လင့်တကူ စော်ကားခံရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
 
၂၀၁၈ ဖေဖော်ဝါရီ ၃ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ သက်ငယ်မုဒိမ်းအမှု၏ အဓိက တရားခံအား ၉၀ ရာခိုင်နှုန်း စုံစမ်းသိရှိထားသော်လည်း တရားခံအား ဖမ်းမမိသေးကြောင်း အမြန်ဆုံး ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်လွင်က ပြောသည်။
 
“တရားခံမိပြီဆိုတာနဲ့ အကုန်လုံးကို ပြောပြမှာဖြစ်ပါတယ်။ လူကို မမိသေးဘူး။ ကျူးလွန်တဲ့သူကတော့ ၉၀ ရာခိုင်နှုန်းကတော့ သေချာပြီ အဲ့ဒီလူကိုမမိသေးတာ။ ရှာလို့မတွေ့သေးဘူး။ ဒီကိစ္စကတော့ ပြောရရင် မီးရထား ရဲတပ်ဖွဲ့ရဲ့စီရင်စုနယ်မြေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရထားရဲနဲ့ ပူးပေါင်းပြီးလုပ်တာ ဖြစ်တယ်။ ပေါ်ပေါက်သွားပြီး တရားခံမိတယ်ဆိုရင် ရထားရဲမှာလွဲအပ်ပြီး အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
 
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စမ်းချောင်းမြို့မရဲ စခန်းက (ပ)၄၆/ ၂၀၁၈၊ ပုဒ်မ ၃၇၆/ ၃၂၅ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment