ကြည်လင်း၊ အောင်ဝင်းဇော်၊ နှင့် ဇေယျားဖြိုးတို့အား သေဒဏ်အထိ အပြစ်ပေးနိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်သည့် အမိန့်ကိုချမှတ်

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် သေနတ်သမား ကြည်လင်းနှင့် အောင်ဝင်းဇော်၊ ဇေယျားဖြိုး တို့အား သေဒဏ် အပြစ်ပေးနိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်သည့် အမိန့်ကို ချမှတ်ခဲ့ကြောင်း တရားလိုရှေ့နေတစ်ဦး ဖြစ်သည့် ဦးခင်မောင်ဌေးက ပြောကြားသည်။
 
ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ကြားနာစစ်ဆေးနေသာ ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှု ၄၃ ကြိမ်မြောက် ရုံးချိန်တွင် ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) ခ/ ၃၄ဖြင့် စွဲချက်တင်အမိန့်ကို အထူးခုံရုံးက အမိန့်ချမှတ် လိုက်ကြောင်း တရားလိုရှေ့နေများက ရုံးချိန်အပြီးတွင်
သတင်းမီဒီယာများကို ပြောကြားခဲ့သည်။
 
`ကိုကြည်လင်းရယ်၊ ကိုအောင်ဝင်းဇော်ရယ်၊ ကိုဇေယျာဖြိုးရယ် သုံးဦးတို့ အပေါ်မှာ ၃၀၂ (၁) ခ/၃၄ နဲ့
စွဲချက်အမိန့် ချပါတယ်၊ ကိုကြည်လင်းအပေါ်မှာ နောက်ထပ် ကိုနေ၀င်းကို သေစေတဲ့အတွက် ၃၀၂ (၂) နဲ့ပါ
စွဲချက်အမိန့် ချပါတယ်။ ဒါကြောင့်မိုလို့ လူသတ်ရန် တင်ကူးကြံရွယ်ပြီးတော့ ပူးပေါင်း ဆောင်ရွက်ကြတယ်။ တင်ကူးကြံရွယ်တဲ့အတိုင်းလည်း ဖြစ်အောင် လူသတ်ခဲ့ကြတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဆက်လက်စစ်ဆေးဖို့အတွက် ရုံးတော်ကနေ စွဲချက်အမိန့်ချပါတယ်´ ဟု ဦးခင်မောင်ဌေးက ပြောကြားသည်။
 
ကြည်လင်း၊ အောင်ဝင်းခိုင်နှင့် ဇေယျာဖြိုးတို့အား စွဲချက်တင်ထားသည့် ၃၀၂ (၁)/၃၄ ပုဒ်မသည် သေဒဏ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်ဟု တရာလိုရှေ့တစ်ဦးဖြစ်သည့် ဦးနေလ က ပြောကြားသည်။
 
`သေဒဏ်ပေးရမယ့် ပုဒ်မ၊ နှစ်ခုစလုံး သေဒဏ်ပေးရမယ့် ပုဒ်တွေချည်းပဲ ၃၀၂ (၁) ခ ဆိုတာ သေဒဏ်ပေးကို ပေးရမယ့် ပုဒ်မဖြစ်တယ်။ ကျူးလွန်တဲ့ ပြစ်မှုအရလည်း သူတို့အခြေအနေအရ ဒီလိုလူမြင်ကွင်းမျိုးမှာ မင်းမဲ့စရိုက်
ဆန်ဆန် ကျူးလွန်တဲ့ လူတွေအားလုံးဟာ အဖြစ်အပျက်ပေါ် အခြေခံပြီး တရားရုံးက သုံးသပ်မယ်ဆိုရင် ဒီဟာက သေဒဏ်ပေးရမယ့် အခြေအနေမျိုး ပေါ်ပေါက်တယ်လို့ပြောရမှာပဲ´ ဟု ဦးနေလ ကပြောကြားသည်။
 
ယနေ့စွဲချက်တင်အမိန့် ချလိုက်သည့် အထဲတွင် အောင်ဝင်ထွန်းကိုမူ တရားခံပြေး လွတ်မြောက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သည့်အတွက် ပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်ခဲ့ရပြီး၊ အဆိုပါပုဒ်မသည် ၂ နှစ်အထိ ပြစ်ဒဏ်ချခံရနိုင် ကြောင်း တရားလိုရှေ့နေများ၏ ပြောကြာချက်အရ သိရသည်။
 
အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့၏ ရှေ့နေဦးအောင်ခိုင်ကမှု ၄င်း၏ အမှုသည်ဖြစ်သူ အောင်ဝင်းဇော်အတွက် တရားရုံးတွင် လျှောက်လွဲချက်ပေးစဉ်က တရားရုံး၌ ထွက်ဆိုသည့် တရားလိုပြ သက်သေ ၇၂ ဦး၏ ထွက်ဆိုချက် များအရ မည်သည့်သူကမှ အောင်ဝင်းဇော်နှင့် ကြည်လင်းသည် အခင်းဖြစ်ပွားသည့် ရက်မှလွဲ၍ ကျန်သည့် အချိန်တွင် ဘယ်နေရာမှာ ဆုံခဲ့ကြောင်း ဘယ်လိုပူးပေါင်းသည် ဆိုသည့် အကြောင်းများကို ထွက်ဆိုခဲ့ခြင်း မရှိကြောင်းကို လျှောက်လွှဲချက်ပေးသည်ဟု ဆိုသည်။
 
`၃၀၂ (၁) ခ/၃၄ ဆိုတာက ကြိုတင်ပြီးတော့ တင်ကူကြံရွယ်ချက်နဲ့ ကြံစည်ခဲ့တယ်၊ လုပ်ဆောင်ခဲ့တယ်၊ ကျွန်တော်က လျှောက်လွဲချက် ပေးကတည်းက ပြောပြီးသား။ ဒီအမှုမှာ ရုံးမှာထွက်ဆိုခဲ့တဲ့ သက်သေ ၇၂ ယောက်ထဲမှာ ဘယ်သက်သေကမှ အောင်ဝင်းဇော်နဲ့ ကြည်လင်းဟာ အချင်းဖြစ်ရက်က လွဲလို့ အချင်းဖြစ်ရက် မတိုင်ခင်က ဘယ်နေရာမှာ ဆုံခဲ့ကြတယ်၊ ဘယ်လိုပူးပေါင်းခဲ့ကြတယ်၊ ဘယ်လိုလုပ်ခဲ့ကြတယ် ဆိုတာ ထွက်ဆိုချက်မရှိပါဘူး။ လက်နက်ကို သတင်းစာရှင်လင်းပွဲမှာ လူကြီးတွေပြောတဲ့ လက်နက်တွေ ဘားအံဘက်သွားဝယ်တယ် ဆိုတာလည်း သတင်းစာ ရှင်းလင်းပွဲပါ အချက်ကလွဲလို့ အခြားသက်သေမရှိဘူး။ နောက်တစ်ခါ ရဲတွေက ထွက်လာတဲ့ တရားခံတွေ အစစ်ခံလို့ ထွက်တယ်ဆိုတဲ့ အချက်ပဲရှိတယ်လေ။ အဲဒီတော့ အောင်ဝင်းဇော်က ကြည်လင်းနဲ့ ဒီအမှုကို ပူးပေါင်း ကြံစည်တယ်ဆိုတဲ့ အချက်က ကိုယ်က ကျွန်တော်တို့ ဘယ်အချက်မှကို မတွေ့ဘူးဆိုတဲ့ အကြောင်း ကျွန်တော် ဘက်ကတော့ စွဲချက်လျှောက်လွှဲချက်မှာ ပြောပြီးသားပဲ´ ဟု ဦးအောင်ခိုင်က ပြောကြားသည်။
 
ပြန်ခေါ်သက်သေများအဖြစ် ကြည်လင်းဘက်မှ ၂၄ ဦး၊ အောင်ဝင်းဇော်မှ ၂၇ ဦး၊ ဇေယျားဖြိုးဘက်မှ ၃၇ ဦး တို့ဖြစ်ပြီး ယင်းပြန်ခေါ်သက်သေများ ထဲတွင် ဘုံပါဝင်သည့် ပြန်ခေါ်သက်သေမှာ ၂၃ ဦးဖြစ်ကြောင်း တရားလို ရှေ့နေတစ်ဦး ဖြစ်သည့် ဦးခင်မောင်ဌေးက ပြောကြားသည်။
 
`ဒီထဲမှာ ၂၃ ယောက်က အတူတူပါပဲ အဲဒီ ၂၃ ယောက်ထက်ပိုပြီး ခေါ်တာက ကိုအောင်ဝင်းဇော်ရဲ့ ရှေ့နေက
နောက်ထပ် သုံးယောက်တိုးပြီး ခေါ်ပါတယ်၊ ကိုဇေယျာဖြိုးရဲ့ ရှေ့နေက အဲဒီ ၂၇ ယောက်အပြင် ၁၀ ယောက်တိုးပြီး ခေါ်ပါတယ်။ ဘုံပါနေတာကတော့ ၂၃ ယောက်` ဟု ၄င်းကပြောကြားသည်။
 
ယနေ့ ၄၃ ကြိမ်မြောက်ရုံးချိန်းတွင် ယခင်ရုံးချိန်းများနှင့်မတူဘဲ အမှုဖြစ်စဉ်အား လာရောက်လေ့လာသူများ များပြားခဲ့ပြီး ၄င်းတို့ထဲတွင် စာရေးဆရာ ဦးထင်လင်းဦး၊ အဓ္ဓမ၀ါဒီဆန့်ကျင်ရေးအဖွဲ့မှ ကိုမြတ်ကျော်နှင့် ဒေါ်နော်အုန်းလှ တို့ကို တွေ့ရသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment