FDA မှ ပြည်သူများ သိရှိလိုက်နာနိုင်စေရန် ''တစ်မျိုးသားလုံးကျန်းမာဖို့ စပ်ဆေး၊ ဆိုးဆေး ရှောင်ရှားစို့'' စတေကာများကပ်ခြင်း၊ အသိပညာပေးခြင်းများ ပြုလုပ်

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့၊ နံနက်ပိုင်းက စားသောက်ကုန် ပစ္စည်း၊ ဆေးဝါး၊ အလှကုန်များနှင့် ပတ်သက်ပြီး ပြည်သူများ သိရှိလိုက်နာ နိုင်စေရန် ရည်ရွယ်၍ နေပြည်တော်ရှိ သပြေကုန်းဈေးနှင့် မြို့မဈေးတို့တွင် အဖွဲ့ သုံးဖွဲ့ခွဲကာ အသိပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
 
ပြည်သူများ သိရှိလိုက်နာနိုင်စေရန် ဆေးဆိုင်များနှင့် သက်ဆိုင်သည့် ''စပ်ဆေးအန္တရာယ် ကင်းရှင်းရေး ဆေးဆိုင်များကို ပညာပေး''၊ ''ဆေးဝါးများကို မှတ်ပုံတင်FDA နှင့် လက်တွဲအစဉ်''၊ ''တစ်မျိုးသားလုံး ကျန်းမာဖို့ စပ်ဆေး၊ ဆိုးဆေး ရှောင်ရှားစို့'' စတစ်ကာများ၊ အလှကုန်ပစ္စည်း ရောင်းချသူများ လိုက်နာရန် အချက်များပါသည့် ပိုစတာများနှင့် လက်ကမ်းစာစောင်များကို သပြေကုန်းဈေး၊ မြို့မဈေးနှင့် အဝေးပြေး ကားဂိတ်များတွင် ဖြန့်ဝေခြင်း၊ ကြော်ငြာကပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
 
''ရောင်းချသူတွေ နဲ့ သုံးစွဲသူ ပြည်သူတွေဟာ အသိပညာ နည်းပါးနေတာကို တွေ့ရပါတယ်၊ အများပြည်သူတွေ ထင်သာမြင်သာရှိတဲ့ နေရာတွေမှာ ဒီလိုလုပ်ဆောင်ခြင်းဟာ ပိုပြီးတော့ အသိပညာတွေ ရလာမယ်လို့ ယုံကြည်ပါတယ်၊ သုံးစွဲသူတွေက လိုက်နာရမယ့် အချက်တွေသိလာရင် ရောင်းချသူ တွေကလည်း လိုက်နာလာမယ်လို့ ယုံကြည်ပါတယ်၊ သုံးစွဲသူ ပြည်သူတွေက အသိပညာ ပိုရှိလေလေ ကျွန်တော်တို့ အစား အသောက်တွေ၊ ဆေးဝါးတွေ၊ အလှကုန်တွေ ကြီးကြပ်ခြင်း အလုပ်ဟာ ပိုပြီးတော့ မြန်ဆန်လာမယ်၊ ထိရောက် လာမယ်လို့ ယုံကြည်တဲ့အတွက် အသိပညာပေးခြင်း လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်တာ ဖြစ်ပါတယ်၊ ရှေ့ဆက်ပြီးတော့လည်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ အနေနဲ့ နည်းလမ်းပေါင်းစုံ သုံးပြီးတော့ အသိပညာပေးနေပါတယ်၊ ရောင်းသူတွေနဲ့ ဝယ်ယူသုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ စေတနာကိုနားလည် ပြီး လိုက်နာစေချင်ပါတယ်'' ဟု အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းလင်းအောင်က ပြောသည်။
 
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ပြည်သူများသို့ အသိပညာပေးရာတွင် စတစ်ကာများ၊ လက်ကမ်းစာစောင်များ၊ ပိုစတာများ ဖြန့်ဝေခြင်း၊ ကြော်ငြာကပ်ခြင်းများ အပြင် စားသောက်ကုန်ပစ္စည်း၊ ဆေးဝါး၊ အလှကုန်များနှင့် ပတ်သက်ပြီး အသိပညာပေးစာတန်းများ ပါသည့် ထီးများ၊ ပြက္ခဒိန်များကိုလည်း အမှတ်တရ လက်ဆောင်ပစ္စည်းများအဖြစ် ဖြန့်ဝေပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
 
ပုံစာ -  FDA မှ ၀န်ထမ်းများ ဆေးဆိုင်များသို့ ရှောင်တခင် စစ်ဆေးစဉ်
The Ladies News
 

 

Vote: 
No votes yet

Add new comment