ဆင်ချေးတုံးမှတစ်ဆင့် စက္ကူပြုလုပ်၍ အမှတ်တရပစ္စည်းများ ထုတ်လုပ်နိုင်

သတ္တမအကြိမ်မြောက် သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့်အတူ မြန်မာ့လက်မှု အမှတ်တရပစ္စည်းများ ဈေးရောင်း ပွဲတော်တွင် ဆင်ချေးတုံးမှ ရရှိလာသော စက္ကူဖြင့် ပြုလုပ်ထားသော အမှတ်တရပစ္စည်းများ ပါဝင်ပြသထားကြောင်း အမှတ်တရ ပစ္စည်းအရောင်းဆိုင်များမှ သိရသည်။
 
အဆိုပါပြပွဲကို တက္ကသိုလ်ရိပ်သာလမ်းနှင့် ဆရာစံလမ်းထောင့်ရှိ ဆရာစံပလာဇာတွင် ဖေဖော်ဝါရီ ၃ ရက်မှ ၇ ရက်ထိ ငါးရက်ကြာ ပြုလုပ်ခဲ့ပြီး ပြပွဲရက်အတွင်းစက္ကူဖြင့် ပြုလုပ်ထားသော ဆင်ဖြူတော် ရုပ်ပေါ်တွင် အမှတ် တရ လတ်မှတ်ရေးထိုးခြင်းများ မည်သူမဆို ပြုလုပ်နိုင်ကြောင်း သိရသည်။
 
“အထင်ကရနေရာတွေ၊ ဘုရားစောင်းတန်းတွေမှာ correction pen နဲ့ ရေးကြတဲ့ စနစ်က အရုပ်ဆိုး အကျည်းတန် စေတယ်၊ အဲလို အရုပ်ဆိုးအကျည်းတန်စွာ ရေးနေကြမယ့်အစား ရေးစရာ ရင်ဖွင့်စရာ နေရာတစ်ခုအဖြစ် အခုလို ဆင်စက္ကူရုပ်သော်ဖြစ်ဖြစ် မိမိနှစ်သက်ရာ အရုပ်တွေကို ပြုလုပ်ပြီး အထင်ကရ နေရာတွေမှာ လတ်မှတ်ရေးထိုး ကြတဲ့စနစ်ကို ပြုလုပ်ကြမယ်ဆိုရင် အရုပ်ဆိုး အကျည်းတန်စေမယ့် အပြုအမူတွေ ရှိလာမှာ မဟုတ်တော့ပါဘူး” ဟု မြန်မာနိုင်ငံ အမှတ်တရပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောသည်။
 
အဆိုပါ ဆင်ရုပ်သည် ဆင်ချေးတုံးမှတစ်ဆင့် ပြုလုပ်ထားသော စက္ကူဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ယင်း အရုပ်ပေါ်တွင် နိုင်ငံတော်သမ္မတ၏ဇနီးဒေါ်စုစုလွင်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ အပါအဝင် သံအမတ်များ၊ နိုင်ငံခြားသား ဧည့်သည်များနှင့် ကျောင်းသားကျောင်းသူများ အများအပြား လတ်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့ကြသည်။
 
“ဆင်ချေးတုံးတွေကနေ စက္ကူပြန်လုပ်ပြီးတော့ အမှတ်တရပစ္စည်းပြုလုပ်တယ်ဆိုတာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်းရောက်ပါတယ်၊ ဆင်လေးတွေအတွက် တစ်ဖက်တစ်လမ်းက ရန်ပုံငွေတွေလည်းရမယ်၊ စက္ကူတစ်ထွာ တစ်မိုက်လောက် သက်သာသွားရင်ပဲ ဝါးတစ်ပင် သက်သာသွား တာမို့ အခုလို ဆင်ချေးတုံး ကတစ်ဆင့် စက္ကူလုပ်တဲ့နည်းစနစ်နဲ့ အမှတ်တရပစ္စည်းတွေ ထုတ်လုပ်နေတာ ဖြစ်ပါတယ်” ဟု ဦးသန်းဝင်း က ဆက်လက်ပြောသည်။
 
မြန်မာပြည်တွင် ဆင်စခန်းများစွာရှိပြီး ယင်းဆင်စခန်းများမှ ထွက်လာသည့် ဆင်ချေး တုံးများမှတစ်ဆင့် ပြုလုပ်ထားသည့် စက္ကူများပေါ်တွင် အပေါ်မှ ရေဆေး၊ ဆီဆေးခြယ်သ၍ သော်လည်းကောင်း၊ စက္ကူပန်းပုပစ္စည်းများ ပြုလုပ်၍သော်လည်းကောင်း ပြုလုပ်နိုင်ကြောင်း သိရသည်။ အဆိုပါ စက္ကူပြုလုပ်ခြင်း လုပ်ငန်းအတွက် သင်တန်းတက်လိုသူများ အနေဖြင့် အခမဲ့ သင်တန်းများ ပို့ချပေးခြင်းများ ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။
 
Credit - Ministry of Natural Resources and Environmental Conservation-Forestry
The Ladies News
 

 

Vote: 
No votes yet

Add new comment