လူထုတွေ့ဆုံပွဲများ ပိတ်ပင်ခံရခြင်းနှင့် ပတ်သက်ပြီး အစိုးရနှင့် ညှိနှိုင်းအဖြေရှာပြီးမှသာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဆက်လက်လုပ်ဆောင်မည်ဟု NCA လက်မှတ်ထိုးရှစ်ဖွဲ့ပြော

NCA အကောင်အထည်ဖေါ်မှုလုပ်ငန်းစဉ်အရ ပြုလုပ်ဆောင်ရွက်ရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲများနှင့် လူထုတွေ့ဆုံပွဲများ ကန့်သတ်ပိတ်ပင်ခံရခြင်းနှင့် ပတ်သက်သည့် ဖြေရှင်းရန်ကိစ္စရပ်များ အတွက် နိုင်ငံတော် တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာပြီး မှသာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဆက်လက် လုပ်ဆောင် သွားမည်ဟု NCA တွင် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့က သဘောထား ထုတ်ပြန်ကြေညာခဲ့သည်။
 
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်နေသော NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ ပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
 
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကွယ်ထူးဝင်းက `လူထုတွေ့ဆုံပွဲများ ပြုလုပ်ပြီးမှ သူတို့ရဲ့ သဘောထားတွေကို အမျိုးအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ စုစည်းမှုကတစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို သယ်ဆောင်သွားလို့ရမှာ ဖြစ်တယ်။ ဒါပေမယ့် အခုက အဆင့်လိုက် လုပ်ရမဲ့ လုပ်ငန်းစဉ်တွေက မပြီးပြတ်ဘူး ဖြစ်နေတယ်။ ဒါကြောင့် အနှစ်သာရရှိစွာနဲ့ အောင်မြင်တဲ့ ညီလာခံဖြစ်ဖို့အတွက် ကျွန်တော်တို့ အဲ့ဒီအဆင့်တွေပြီးအောင် လုပ်ဖို့တယ်` ဟု ပြောကြားသည်။
 
PPST အရေးပေါ် အစည်းအဝေးအပြီး ဆုံးဖြတ်ချက်ထဲတွင် NCA တွင် အကောင်အထည်ဖေါ် လုပ်ငန်းစဉ်အရ ပြုလုပ်ဆောင်ရွက်ရမည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံဆွေးနွေးပွဲများအပေါ် လျစ်လျူရှူခြင်းများ၊ ကန့်သတ်ပိတ်ပင်ခံရခြင်းများ ရှိနေသည့်အတွက် နိုင်ငံတော် တာဝန်ရှိသူများနှင့် ဆွေးနွေးညှိုနှိုင်း အဖြေရှာသွားမည်ဟု ပါရှိသည်။
 
ရှမ်းပြည်ပြန်လည်ထူးတောင်ရေး ပါတီ (RCSS)က ပြုလုပ်ခဲ့သည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲများသည် တားမြစ်ကန့်သတ် ပိတ်ပင်ခြင်းကိုခံခဲ့ရသည်။ ထို့အတူပင် NCA တွင် လက်မှတ်ရေးထိုးသည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) သည်လည်း ယခုအချိန်အထိ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ကျင်းပခွင့် မရှိသေးပေ။
 
The Ladies News
 
 

 

Vote: 
No votes yet

Add new comment