နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာမှု ဆိုင်ရာများ ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရော့ခိုနို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇန်န၀ါရီလ ၁၂ ရက် (ယနေ့) နံနက် ၀၉း၃၀ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာမှု ဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
အထူးသဖြင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုး တက်ရေး ကိစ္စရပ်များအပေါ် ဂျပန်နိုင်ငံမှ ဆက်လက်အကူအညီ ပေးအပ်ရေး၊ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီနှင့် မစ္စတာကိုဖီအာနန် အကြံပေး ကော်မရှင်၏ အကြံပြုချက်များဖြစ်သည့် ရေတိုနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးရေး ကိစ္စများကို အလေးပေး ဆွေးနွေး ခဲ့ကြပါသည်။ ထို့ပြင် ဂျပန်နိုင်ငံ အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ဂျပန်ယန်း (၈၀၀)ဘီလီယံ သုံးစွဲ အကောင်အထည် ဖော်ဆောင်ရွက်မည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းဖြစ်သည့် (၃)နာရီခွဲဖြင့် သွားရောက်နိုင်မည့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ မတိုင်မီတွင်လည်းကောင်း၊ (၈)နာရီဖြင့် သွားရောက် နိုင်မည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို ၂၀၂၃ ခုနှစ်တွင် လည်းကောင်း ပြေးဆွဲနိုင်ရန် အဆင့်မြှင့်တင်မည့် ကိစ္စရပ်များ ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
 
တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
 
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ တာရော့ခိုနိုတို့သည် နှစ်နိုင်ငံ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ဆက်လက်ကျင်းပခဲ့ပြီး သတင်းထောက်များ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
 
ဂျပန်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် မောင်တော ဒေသသို့လည်းကောင်း၊ ရန်ကုန်မြို့၊ သီလဝါအထူးစီးပွားရေးဇုန်သို့ လည်းကောင်း သွားရောက် လေ့လာမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
Credit – Ministry of Foreign affairs Myanmar
The Ladies News
 

 

Vote: 
No votes yet

Add new comment