မနှစ်ကထက် ထူးခြားလာဦးမယ့် Myanmar Idol Season 3

မြန်မာနိုင်ငံရဲ့ ကြည့်ရှုအားပေးသူ အများဆုံး ရရှိထားတဲ့ ပရိုဂရမ် တစ်ခုဖြစ်တဲ့ MNTV Entertainment က စီစဉ်တင်ဆက်နေတဲ့ Myanmar Idol Season 1 နဲ့ 2 ကို ယခင်နှစ်တွေက အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့သလို Season တစ်ခုစီမှလည်း နိုင်ငံကျော်အဆိုတော် တစ်ဦးစီကို မွေးထုတ်ပေးနိုင်ခဲ့တယ် ဆိုတာ ပရိသတ်အားလုံးလည်း သိရှိပြီးဖြစ်ပါ တယ်။ ယခုအခါမှာတော့ အနုပညာရှင်များအပြင် တစ်နိုင်ငံလုံး စောင့်မျှော် ကြည့်ရှုချင်နေကြတဲ့ Myanmar Idol Season 3 အဆိုပြိုင်ပွဲကြီးကို ရက်အနည်းငယ်အတွင်း စတင်တော့မယ်လို့ သိရပါတယ်။
 
Season 3 နဲ့ ပတ်သက်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲကိုတော့ ဇန်န၀ါရီလ ၁၁ ရက်နေ့က MELIA ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး Season 1,2 က အောင်မြင်ခဲ့ကြပြီး Myanmar Idol က နိုင်ငံကျော် အဆိုတော်တွေ အဖြစ် မွေးထုတ်ပေးခဲ့တဲ့ စောလားထော်ဝါး နဲ့ သားငယ်တို့ ၂ ဦးလည်း တက်ရောက်လာခဲ့တာကို တွေ့ရပါတယ်။ အဆိုပါပြိုင်ပွဲအတွက် အသံစစ်ဆေးမှုများကို ယခင်က ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မကွေး၊ တောင်ကြီး အစရှိတဲ့ မြို့ကြီးများနဲ့ နီးစပ်တဲ့ မြို့ငယ်များဖြစ်တဲ့ မုံရွာ၊ မိုးကုတ်၊ ကလော၊ အင်းလေး၊ ပုဂံ၊ ရေနံချောင်း၊ ပြည်၊ တောင်ငူ၊ ဘားအံ၊ မော်လမြိုင်၊ ပဲခူး မြို့များတွင်သာ ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ် Idol Season 3 ရဲ့ အစီစဉ်မှာတော့ မြစ်ကြီးနား၊ ကျိုင်းတုံ၊ လားရှိုး၊ စစ်တွေ နဲ့ မြိတ်မြို့များတွင်ပါ ထပ်မံတိုးချဲ့ အသံစစ်ဆေးမှုများ ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အခြားနိုင်ငံများတွင် သွားရောက် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ သားများပါ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အတွက်လည်း Global Audition အစီအစဉ်သစ် တစ်ရပ်ကိုလည်း ထပ်မံစီစဉ်ထားကြောင်း သိရပါတယ်။ ယခုနှစ် Myanamr Idol Season 3 အနိုင်ရရှိသူအတွက် ဆုများကိုတော့ ငွေသားကျပ် သိန်း ၅၀၀ အပြင် တစ်ကိုယ်တော် တေးစီးရီး အယ်လ်ဘမ်တစ်ခုလည်း ထုတ်ပေးဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခင် Season 1,2 များ ကျင်းပခဲ့စဉ်က ဒိုင်လူကြီး ၃ ဦးသာ ပါဝင်ခဲ့သော်လည်း ယခုနှစ်မှာ ကျင်းပပြုလုပ်မယ့် Season 3 မှာတော့ ဒိုင်လူကြီး ၄ ဦးအထိ ပါဝင်လာမှာ ဖြစ်ပါတယ်။ အကဲဖြတ်ဒိုင်များအဖြစ် မြန်မာပြည်သိန်းတန်၊ ရန်အောင်၊ တင်ဇာမော်နဲ့ မျိုးကျော့မြိုင် တို့ ပါဝင်လာမှာဖြစ်ပြီး စီစဉ်တင်ဆက်သူ ( Host)အဖြစ် ယခင် ပရိသတ်များ လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြတဲ့ ကျော်ထက်အောင်က ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Myanmar Idol ပြိုင်ပွဲအတွက် အသံစစ်ဆေးမှုများကို ဇန်န၀ါရီ ၂၂ ရက်နေ့တွင် စတင်ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲအစီအစဉ် တင်ဆက်မှုများအတွက် တိုက်ရိုက်ထုတ်လွှင့် ပြသမှုများကိုတော့ ဧပြီလ ၂၁ ရက်နေ့မှစတင်ပြီး Channel 9 ၊ MNTV Entertainment တို့တွင် စောင့်မျှော်ကြည့်ရနိုင်ကြမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment