ကလေးများအား ရိုက်နှက်ပြစ်ဒဏ်ပေး ဆုံးမခြင်းကို ကာကွယ်သည့် လူထုလှုပ်ရှားမှုတစ်ရပ်တွင် နာမည်ကျော် အနုပညာရှင်များ ပူးပေါင်းပါဝင်

ကလေးများအား ရိုက်နှက်ပြစ်ဒဏ်ပေး ဆုံးမခြင်းအစား အပြုသဘော ဆောင်သည့် စည်းကမ်းဖြင့် ပြုစုပျိုးထောင်ရန် အားပေး တိုက်တွန်းသည့် လူထုလှုပ်ရှားမှု တစ်ရပ်(Campaing) တစ်ခုဖြစ်သည့် “မေတ္တာဖြင့်သာ ပျိုးထောင်ပါ” ကမ်ပိန်းတွင် နာမည်ကျော် အနုပညာရှင်များ ပူးပေါင်း ပါဝင်ကြောင်း သတင်းထုတ်ပြန်ချက် အရ သိရသည်။
 
အဆိုပါ “မေတ္တာဖြင့်သာ ပျိုးထောင်ပါ” NGO Child Rights Working Group (NCRWG) မှ ဦးဆောင် လှုပ်ရှားပြီး နာမည်ကျော် အနုပညာရှင် များ ဖြစ်သည့် သရုပ်ဆောင် သက်မွန်မြင့်၊ သရုပ်ဆောင် ချစ်သုဝေနှင့် အတူ အခြား အနုပညာရှင်များကလည်း ပါဝင်ပံ့ပိုးထားကြောင်း သိရသည်။
 
" ကလေးတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်ဖို့ အိမ်နဲ့ ကျောင်းကနေ အစပြုဖို့ လိုပါတယ်။ တကယ် ထိထိရောက်ရောက် ဖြစ်စေချင်ရင် ကလေးတွေရှိတဲ့ နေရာတိုင်းအတွက် စဉ်းစားကြရ မှာဖြစ်ပြီး ကလေးတွေကို ရိုက်နှက် အပြစ်ဒဏ်ပေးမယ့် အစား သူတို့ရဲ့အပြုအမူ၊ အတွေးအခေါ်၊ အကျင့်စရိုက်တွေကို ကောင်းလာစေတဲ့ အပြုသဘော ဆောင်တဲ့ နည်းလမ်းတွေကို အသုံးပြုရပါမယ်။ ဒီကစ္စရပ် ဟာ ကလေးတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် သူတို့ရဲ့စကားသံကို လည်း နားထောင်ဖို့လိုပြီး ကလေးတွေရဲ့ ရင်ထဲမှာ သူတို့ကိုဘယ်လို ပြုမူဆက်ဆံ စေချင်ပါတယ်ဆိုတဲ့ ပြောစရာစကားတွေ ရှိနေပါတယ်။ နောင်ထွက်လာမယ့် ကလေးဥပဒေ အသစ်ထဲမှာ ကလေးတွေကို ဘယ်လိုအကြောင်းပြချက်နှဲ့မှ ရိုက်နှက်ခြင်းကို ခွင့်မပြုဖို့နဲ့ လက်တွေ့ မှာလည်း ထိထိရောက်ရောက် အကောင်အထည်ဖော်လာတဲ့ ဥပဒေတစ်ခု ဖြစ်လာဖို့ အရေးကြီးပါတယ်" ဟု World Vision Myanmar ၏ Protection Manager ဒေါ်ဝင်းပပသန်းက ပြောကြားထားသည်။
 
ကလေးများအား ရိုက်နှက် ပြစ်ဒဏ်ပေးခြင်းသည် ကလေးများအား အကာအကွယ်ပေးထားသော လူအခွင့်အရေး ဥပဒေကို ချိုးဖောက်ရာ ရောက်သည့်အပြင် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများအပေါ် ဆိုးကျိုးဖြစ်ပေါ်စေပြီး ကလေးများ စိတ်ရောကိုယ်ပါ ဒဏ်ရာ အနာတရ ဖြစ်စေပါသည်။ အသစ်ပြဋ္ဌာန်းမည့် ဥပဒေကြမ်း တွင်လည်း ကလေးများအား ရိုက်နှက် ပြစ်ဒဏ်ပေးခြင်းနှင့် ပတ်သက်ပြီး တားမြစ်ထားသည့် ဥပဒေကို ထည့်သွင်း ရေးဆွဲထားပါသည်။
 
ပျော်ရွှင်ဖွယ် မိသားစု တစ်ခုကို ပိုင်ဆိုင်ထားသည့် ရုပ်ရှင်သရုပ်နဲ့ အဆိုတော် ချစ်သုဝေက "ကျန်းမာပျော်ရွှင်ပြီး ကြံ့ခိုင်သန်မာတဲ့ ကလေးတွေနဲ့ တည်ထောင်ထားတဲ့ နိုင်ငံတစ်ခုရဲ့ အနာဂတ်ဟာလည်း လှပပြီး ဖွံ့ဖြိုးတိုးတက်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် သူတို့လေးတွေ ရှင်သန်ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ဟာ နွေးထွေး လုံခြုံပြီး မေတ္တာတွေနဲ့ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားဖြင့် ဒဏ်ရာ အနာတရဖြစ်အောင် အရှက်ရအောင် ပြောဆိုတာတွေ၊ နှိုင်းယှဉ် ပြောဆိုပြီးတော့ နှိမ့်ချပြောဆိုတာမျိုး၊ ရုပ်ပိုင်းဆိုင်ရာ အားဖြင့် ဒဏ်ရာ အနာတရဖြစ်အောင် ရိုက်နှက်ဆုံးမတာမျိုး မလုပ်ဖို့ လိုပါတယ်။ သူတို့လေးတွေရဲ့ အနာဂတ် လှပပြီးတော့ ကျန်းမာ ပျော်ရွှင်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ကလေးတွေ ဖြစ်လာဖို့အတွက် မေတ္တာဖြင့်သာ အတူတကွ ပျိုးထောင်ကြဖို့ တိုက်တွန်းချင်ပါတယ်' ဟု ပြောကြားသည်။
 
ကလေးများအား ဥပဒေဖြင့် အကာအကွယ် ပေးနိုင်ရေးနှင့် ပတ်သက်ပြီး "ကလေးတွေကို ရိုက်နှက်ပြစ်ဒဏ် ပေးခြင်းနဲ့ အရှက်ရစေတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး အပြစ်ဒဏ်ပေး ဆုံးမတာကို တားမြစ်ထားတဲ့ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေမူကြမ်းကို အတည်ပြု ပြဋ္ဌာန်းပြီးရင် ကျွန်မတို့ မြန်မာ့လူမှု အသိုင်းအ၀ိုင်းဟာ ကလေးသူငယ် အခွင့်အရေးကို လေးစားပြီး၊ ကလေးတွေကို ဥပဒေအရ ကာကွယ်ဖို့ တာဝန်ရှိကြောင်း သိမြင်လာဖို့ လိုအပ်ပါတယ်" ဟု Save the Children ၏ Child Rights Governance ဌာနမှူး ဒေါ်နီနီလှက ပြောသည်။
 
နိုဝင်ဘာလ ၁၁ ရက်မှ ၁၈ ရက်နေ့ထိ ပြုလုပ်မည့် ဤကမ်ပိန်းအား အပိုင်း (၂) ပိုင်းဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။ ပထမပိုင်းအနေဖြင့် နိုဝင်ဘာလ ၁၁ နေ့မှစတင်ပြီး ဆိုရှယ်မီဒီယာ ကမ်ပိန်းအဖြစ် ဤကမ်ပိန်းနှင့် သက်ဆိုင်သော သတင်းစကား ဗွီဒီယိုများကို Save the Children ၏ Facebook Page ဖြစ်သော www.facebook.com/SavetheChildreninMyanmar နှင့် အနုပညာရှင်များက သူတို့၏ Facebook စာမျက်နှာများပေါ်တွင် မျှဝေပေးသွားမည်ဖြစ်ပြီး အနုပညာရှင်များနှင့်အတူ ပရိသတ်များ ကလည်း မိမိ၏ ‘Selfie’ ဓာတ်ပုံကို Facebook ပေါ်တွင် #onlywithlove စာတန်းနှင့် post လုပ်ပြီး ကမ်ပိန်းတွင် အတူပါဝင် ဆင်နွှဲနိုင်မည်ဖြစ်သည်။
 
ကမ်ပိန်း၏ ဒုတိယပိုင်း အနေဖြင့် နိုဝင်ဘာ ၁၈ ရက်နေ့ ညနေ ၃ နာရီမှ ၅ နာရီထိ ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် လူထုနှင့်အတူ ကမ်ပိန်းလှုပ်ရှားမှု အစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ပြီး လူတိုင်း ပါဝင်ဆင်နွှဲနိုင်မည် ဖြစ်ပါသည်။ နာမည်ကျော် အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှု အစီအစဉ်များလည်း ပါဝင်ပြီး "မေတ္တာဖြင့်သာ ပျိုးထောင်ပါ" ကမ်ပိန်းနှင့် ပတ်သက်သည့် သတင်းစကားများ နှင့် လက်ဆောင်ပစ္စည်းများကိုလည်း ဝေငှပေးသွားမည် ဖြစ်သည်။
 
စိုင်းဟန်
The Ladies News
 

 

Vote: 
No votes yet

Add new comment