နေပြည်တော်ရှိ ဇေယျာဖြိုးပိုင် ခြုံဝင်းအတွင်း၌ စာရွက်စာတမ်းများနှင့် လက်ကိုင်ဖုန်းကို အောင်ဝင်းခိုင် မီးရှို့ဖျောက်ဖျက်

ဦးကိုနီ လုပ်ကြံခံရပြီး နောက်တစ်နေ့ ဖြစ်သည့် ၃၀ ရက် ၁ လတွင် တရာခံပြေး အောင်ဝင်းခိုင်သည် နေပြည်တော် ရွှေကြာပင်ရပ်ကွက်ရှိ ဇေယျာဖြိုးပိုင်သည့် ခြုံဝင်းအတွင်း၌ စာရွက်စာတမ်းများနှင့် လက်ကိုင် ဖုန်းကို မီးရှို့ဖျောက်ဖျက် ခဲ့သည်ဟု Taxi ယာဉ်မောင်း ကိုနေ၀င်း၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောကြားသည်။
 
အောက်တိုဘာ ၂၇ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ကြားနာ စစ်ဆေးနေသော ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ၂၉ ကြိမ်အပြီး တွင် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
ယနေ့ ကြားနာစစ်ဆေးခဲ့သော ရုံးချိန်းတွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့ နယ်၊ ရွှေကြာပင် ရပ်ကွက်ရှိ ဇေယျာဖြိုး ပိုင် ကုမ္ပဏီ ခြံဝင်းအား ၀င်ရာက်ရှာဖွေရာတွင် ပါဝင်ခဲ့သော ရှာဖွေသက်သေများ ဖြစ်သည့် ရွှေကြာပင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ရာအိမ်မှူး ဦးမင်းနိုင်တို့က အဆိုပါ ခြံဝင်းအတွင်း၌ အောင်ဝင်းခိုင်သည် စာရွက် စာတမ်းများနှင့် လက်ကိုင်ဖုန်းကို မီးရှို့ဖျောက်ဖျက် ခဲ့သည်ဟု တရားရုံး တွင် ထွက်ဆိုခဲ့ကြောင်း ၄င်းကပြောကြားသည်။
 
`၃၀ ရက်၊ ၁ လ၊ ၂၀၁၇ ည ခုနစ်နာရီမှာ အဲဒီခြံဝင်းကို အောင်ဝင်းခိုင် ရောက်လာတယ်၊ ရောက်လာပြီးတော့ စာရွက်စာတမ်းနဲ့ ပစ္စည်းတချို့ မီးရှို့သွားတယ်။ အဲဒီမှာ ခြံစောင့်က မီးရှို့တဲ့နေရာမှာ သူပါသေးတယ် ဆိုပြီးတော့ ရှာဖွေတဲ့သူတွေ သွားတဲ့အချိန်မှာ မီးရှို့ထားတဲ့နေရာကို ပြန်ခြစ်ပြီးတော့ ပြန်ရှာပေးတယ်။ ပြန်ရှာတဲ့အချိန်မှာ ဟန်းဖုန်း အပိုင်းအစ၊ နောက်ဟန်းဖုန်း ဘယ်ထရီလို့ ယူဆရတဲ့ အပိုင်းအစတွေ တွေ့တယ်ပေါ။ အဲဒါကို ထွက်သွားတယ်´ ဟု ဒေါ်ခင်မိုးမိုးက ပြောကြား သည်။
 
သက်သေများ ထွက်ဆိုသည့် ခြံနံပါတ်မှာ ၄၇၅ ဖြစ်ပြီး၊ ရှာဖွေပုံစံမှာပါ သည့် ခြံနံပါတ်မှာ ၄၇၂ ဖြစ်နေသောကြောင့် ကွဲလွဲမှုရှိနေပြီး အဆိုပါကွဲလွဲမှုမှာ အမှုဖြစ်စဉ်ကို ထိခိုက်စေခြင်းမရှိဟု ၄င်းဆိုသည်။
 
`နံပါတ်လွဲတာက ဒီမှာတော့ သိပ်တော့ မထိခိုက်ဘူး။ ဘာလို့လဲဆိုတော့ ဒီသက်သေတွေက သူတို့ မှတ်ထားတာ၊ သူတို့ မှတ်ဥာဏ်ထဲမှာ နည်းနည်းလွဲတာလည်း ဖြစ်နိုင်တယ်ပေါ့။ အဲဒါတော့ သိပ်အရေးကြီးတာ မဟုတ်ဘူး။ ဒါပေမယ့် ဟိုဘက်က ရှေ့နေတွေက ပြန်မေးတဲ့အချိန်မှာ အောင်ဝင်းခိုင် လာပြီးတော့ ဒီပစ္စည်းတွေ မီးရှို့ဖို့ လုပ်သွားတယ် ဆိုတာကတော့ ရှင်တို့ကိုယ်တိုင် မြင်တာမဟုတ်ဘူးပေါ့။ ခြံစောင့်ပြောလို့ သိရတာပဲ မဟုတ်လား ဆိုတော့ ဟုတ်တယ်။ ခြံစောင့်ပြောလို့ သိရတယ်ဆိုတာ ထွက်သွားတယ်´ ဟု ဒေါ်ခင်မိုးမိုးက ပြောကြားသည်။
 
ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအား ကြားနာစစ်ဆေးနေသော ၂၉ ချိန်မြောက် ရုံးချိန်းအပြီးတွင် တရားလိုပြသက်သေ ၈၀ ဦးရှိသည့် အနက် ၅၁ ဦးအား ကြားနာစစ်ဆေးပြီး ဖြစ်ကြောင်း သိရသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment