မြန်မာသံရုံးရှေ့တွင် ဘင်္ဂလီအရေး ဆန္ဒပြသူများအား ဂျပန်နိုင်ငံရောက် မြန်မာများက တုန့်ပြန်ကန့်ကွက်ဆန္ဒပြ

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးအရှေ့တွင် ဘင်္ဂလီ အရေးကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒပြသူများအား ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက တုန့်ပြန် ကန့်ကွက် ဆန္ဒပြကြောင်း သိရသည်။
 
၎င်းဆန္ဒပြခြင်း အစီအစဉ်အား ဂျပန်နိုင်ငံရှိ ဘင်္ဂလီအရေး ဆန္ဒပြသူများက ယနေ့(စက်တင်ဘာ ၈ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခန့်က ဆန္ဒပြခဲ့ကြသည်။ ထိုသို့ ဆန္ဒပြခြင်းနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက တုန့်ပြန်ကန့်ကွက် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။
 
ဆန္ဒပြရာတွင် ပါဝင်သည့် မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည့် ကိုအောင်ထွန်းလင်းက “ကျွန်တော်တို့ သူတို့ဆန္ဒပြတယ် ဆိုတာ သိတဲ့ အတွက် သွားရောက်ပြီး မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာဆိုတာကို လက်မခံကြောင်း တန်ပြန်ဆန္ဒပြတာ ဖြစ်တယ်။ သိသိချင်းသွားတာ ဖြစ်တဲ့အတွက် လူကအများကြီး မဟုတ်ဘဲ ဆယ်ယောက်လောက်ပဲ ပါတာဖြစ်တယ်။ အဲ့ဒီလိုပြလို သူတို့က စိတ်ဆိုးပြီး ဆဲဆိုတာတွေ ဒေါ်အောင်ဆန်းစုကြည်ပုံကို ဖိနပ်နဲ့ရိုက်တာတွေ ရှိပါတယ်။ ကျွန်တော် တို့ အနေနဲ့ ဘာသာရေး၊လူမျိုးရေး အမုန်းတရားမရှိပါ”ဟု ပြောသည်။
 
ထိုသို့ တုန့်ပြန်ဆန္ဒပြပြီးနောက် ဂျပန်နိုင်ငံ ရဲတပ်ဖွဲ့ မှ သံရုံးလုံခြုံရေးရဲ၊ အကြမ်းဖက် နှိမ်နှင်းရေးရဲ၊ နယ်မြေခံရဲများ ရောက်ရှိကာ နှစ်ဖက်ပဋိပက္ခ မဖြစ်ပွားစေရန် ကြိုတင်တားဆီးခြင်းများ ရှိကြောင်း ပြောပြချက်အရ သိရသည်။
 
ဓာတ်ပုံ-Aung Tun Lin
The Ladies News
 

 

Vote: 
No votes yet

Add new comment