ကျောက်တံခါးမြို့နယ်တွင် ငွေကျပ် ၁၀ သိန်းယူကာ တရားခံအဖြစ် အစားထိုးဝင်ရောက်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ငွေကျပ် ၁၀ သိန်းယူကာ တရားခံအဖြစ် အစားထိုးဝင်ရောက်မှု တစ်ခုအား စစ်ဆေးပေါ်ပေါက် သဖြင့် အစားထိုး ၀င်ရောက်သူအား တရားရုံးရှေ့ လိမ်လည်ထွက်ဆိုမှုဖြင့် ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် စက်တင်ဘာ ၇ ရက် သတင်းထုတ်ပြန် ချက်အရ သိရသည်။
 
ဖြစ်စဉ်မှာ ၂၀၁၇ သြဂုတ် ၂၆ ရက်က ၀၀း၁၅ နာရီခန့်က ကျောက်တံခါး မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမင်းသူပါ(၃)ဦး အဖွဲ့သည် ပူးပေါင်းအဖွဲ့နှင့်အတူ ကျောက်တံခါးမြို့ ကွင်းနောက် ရပ်ကွက် ဘောလုံးကွင်း အနီးတွင် 5M/ ××××၊ Toyota Ace ၆ ဘီးယာဉ်အား မသင်္ကာဖွယ် ရပ်တန့်ထားသည်ကို တွေ့ရှိရသဖြင့် စစ်ဆေး ရှာဖွေခဲ့ သည်။ စစ်ဆေးရာမှ ယာဉ်ပေါ်တွင် ပျဉ်းကတိုးခွဲသား ဆိုဒ်စုံ(၉၅၆) ချောင်း၊ (၁.၂၄၇၆)တန်၊ တန်ဖိုး (၄၉၉,ဝ၄ဝ) ကျပ်အား ပိုင်ရှင်မဲ့တွေ့ ရှိခဲ့ကြောင်း ဖော်ပြထားသည်။
 
အဆိုပါ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိသည်များကို ဆက်လက် စစ်ဆေး ဖော်ထုတ်ခဲ့ ရာ ဦးဇော်မင်းသူ၊ (၄၅)နှစ်၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း၊ (ဘ)ဦးထွန်းမြင့် တပင်ရွေထီးရပ်ကွက် ပဲနွယ်ကုန်းမြို့၊ ကျောက်တံခါးမြို့နယ်နေသူမှ သက်သေခံ သစ်များအား ရေတာရှည်မြို့နယ် အမြန်လမ်း မိုင်တိုင် (၁၆ဝ)အနီး လူ(၁)ဦး (စိစစ်ဆဲ)ထံမှ ဝယ်ယူခဲ့ပြီး လှည်းကူးမြို့နယ် နေ ဦးကျော်ထက်အောင်ထံမှ သက်သေခံ ယာဉ်အား ငှားရမ်းသုံးစွဲကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
 
ယင်းအတွက် သြဂုတ်လ ၃ဝ ရက်နေ့တွင် သစ်ပိုင်ရှင်(စိစစ်ဆဲ)နှင့် ယာဉ်မောင်း ဦးဇော်မင်းသူတို့အား တောအုပ်ကြီး ဦးမင်းသူမှ တရားလိုပြု လုပ်၍ ကျောက်တံခါးမြို့နယ် တရားရုံးသို့ သစ်တောဥပဒေပုဒ်မ ၄၂(ခ) ဖြင့် ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ကြောင်း သိရသည်။
 
၎င်းအမှုအား ကျောက်တံခါးမြို့နယ် တရားရုံး မြို့နယ်တရားသူကြီး ဦးထွန်းနိုင်မှ ရာကြီးအမှု အမှတ်၊ ၂ဝ၈၇/၂ဝ၁၇၊ သစ်တောဥပဒေ ပုဒ်မ ၄၂ (ခ)ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး တရားခံ ဇော်မင်းသူမှ အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုသဖြင့် ၂ဝ၁၇ သြဂုတ်လ ၃၁ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ လ အား တောင်ငူအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
 
ယင်းနောက် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ဝ၆ ရက်နေ့ ၀၉၃၀ အချိန် အပြစ်ကျ တရားခံ ဇော်မင်းသူအား ပဲနွယ်ကုန်း နယ်မြေရဲစခန်း ဒုရဲအုပ် ဆန်းငြိမ်း ဦးစီး (၁+၅)ဦးအဖွဲ့မှ အချုပ်ယာဉ်ဖြင့် တောင်ငူ အကျဉ်းထောင် သို့ သွားရောက် ပို့ဆောင်အပ်နှံခဲ့သည်။ ယင်းနောက် အကျဉ်းထောင် လ/ထကြီးကြပ်ရေးမှူး(၁) ဦးကျော်သန်းအေးမှ ထောင်ကျ တရားခံ ဇော်မင်းသူအား ထောင်ကျမိန့်ဖြင့် တိုက်ဆိုင်စစ်ဆေးရာ တရားခံ ဇော်မင်းသူမှ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းမှာ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိဘဲ ကျောက်ကြီးမြို့နယ် နတ်သံကွင်း ကျေးရွာနေ ဇင်ယော်ထက်(စိစစ်ဆဲ)မှ ငွေကျပ် ၁ဝ သိန်းပေးပြီး တရားခံအဖြစ် အစားဝင်ပေးရန် ညှိနှိုင်းသဖြင် သဘောတူလက်ခံပြီး တရားခံအဖြစ် ဟန်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့ကြောင်း ဖော်ပြထားသည်။
 
ယင်းအတွက် တောင်ငူအကျဉ်းထောင် တာဝန်ခံ လ/ထ ညွန်မှူး ဦးမြသောင်းမှ တရားခံ ဇော်မင်းသူ၏ ထွက်ဆိုချက်အား ရေးမှတ်ယူပြီး တရားခံအား လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ဒုရဲအုပ် ဆန်းငြိမ်း နှင့်အဖွဲ့ထံ ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
 
၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောက်တံခါးမြို့နယ် ခေတ္တရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်ကျော်ကျော်ထံ ဖုန်းဖြင့် လည်းကောင်း၊ တောအုပ်ကြီး ဦးမင်းသူတို့မှ မြို့နယ်တရားသူကြီး ဦးထွန်းနိုင်ထံ သွားရောက် တွေ့ဆုံ၍လည်းကောင်း ဖြစ်စဉ်အား တင်ပြခဲ့ခြင်းများ ရှိကြောင်းဆိုသည်။
 
ယင်းကိစ္စနှင့် ပတ်သက်ပြီး မြို့နယ်တရားသူကြီး ဦးထွန်းနိုင်မှ လုပ်ထုံး လုပ်နည်း အရ ပြစ်ဒဏ်ချမှတ် ခဲ့သည့်အမှုအား ပယ်ဖျက်ပေးရန် အထက်တရားရုံး အဆင့်ဆင့်သို့ တင်ပြသွားမည်ဖြစ်ပြီး ငွေကြေးရယူ၍ တရားရုံးရှေ့ လိမ်လည်ထွက်ဆိုသူ တရားခံ ဇော်မင်းသူအား ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆိုသည်။
 
ထိုသို့ အထက်တရားရုံးများ၏ ညွန်ကြားချက်မရမီ အပြစ်ကျ တရားခံ ဇော်မင်းသူအား တရားရုံး ထောင်ချအမိန့် ရာဇဝတ်ပုံစံ ၁၅ ဖြင့် ကျောက်တံခါးမြို့မ ရဲစခန်း အချုပ်တွင် ချုပ်နှောင်ထားရှိရန် ပြန်လည် ပြောကြားခဲ့သဖြင့် စက်တင်ဘာလ ၆ ရက်နေ့ ၁၅၃ဝ အချိန် ဒုရဲအုပ် ဆန်းငြိမ်းနှင့်အဖွဲ့မှ ထောင်ကျတရားခံ ဇော်မင်းသူအား တောင်ငူ အကျဉ်းထောင်မှ ပြန်လည်ခေါ်ဆောင်ပြီး ကျောက်တံခါးမြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားကာ အမှုအား ဆက်လက်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
 
စိုင်းဟန်
The Ladies News

 

Vote: 
No votes yet

Add new comment