ဆီးဂိမ်းဘောလုံး ဆီမီးဖိုင်နယ် မြန်မာနှင့်ထိုင်း သြဂုတ် ၂၆ ၊ နေ့ ၂း၃၀ တွင် ကစားမည်

မြန်မာနှင့် ထိုင်း တို့သည် သြဂုတ်လ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် နေ့ ၂း၃၀ နာရီ၊ ဆလာရန်းကွင်းတွင် ၂၉ ကြိမ်မြောက် ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အား ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲအခမ်းအနားကို သြဂုတ်လ ၂၅ ရက် (ယနေ့) နံနက် ၁၁ နာရီက ဟီလ်တန်ဟိုတယ်တွင် ကျင်းပခဲ့ရာ မြန်မာအသင်း နည်းပြချုပ် ဂတ်ဆီဇီနှင့် တိုက်စစ်မှူး အောင်ကောင်းမာန်တို့ တက်ရောက် ဖြေကြားခဲ့သည်။
 
"ကျွန်တော်တို့ အသင်းအနေနဲ့ နားရက်အပြည့်အ၀ ရရှိထားပြီး အကောင်း ဆုံး ပုံစံမှာ ရှိနေပါတယ်။ ထိုင်းအသင်း ကတော့ အသင်းကောင်း တစ်သင်းဆိုတာ ပြောစရာမလိုပါဘူး။ နှစ်သင်းစလုံး အတွက် ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။ ကျွန်တော်တို့ ဆီမီးဖိုင်နယ်နဲ့ဖိုင်နယ် အတွက် လုံလောက်တဲ့ ကြံ့ခိုင်မှုရော စွမ်းဆောင်ရည်ပါ အပြည့်အ၀ ရှိနေတဲ့ အတွက် ပြိုင်ဘက်ကို အကောင်းဆုံး ရင်ဆိုင်သွားမှာပါ။ ဗိုလ်လုပွဲမှာတော့ အိမ်ရှင်မလေးရှားကို ရှောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ မလေးရှား အသင်းက တကယ်ကောင်းတဲ့ အသင်းတစ်သင်းလည်း ဖြစ်သလို ပရိသတ်အားပေးမှု ကလည်း အပြည့်အ၀ ရှိနေပါတယ်" ဟု မြန်မာ အသင်းနည်းပြချုပ်က ပြောကြားခဲ့သည်။
 
တိုက်စစ်မှူး အောင်ကောင်းမာန်ကလည်း ထိုင်းကို အနိုင်ကစားရန် အစွမ်းကုန် ကြိုးစားသွားမည်ဟု မီဒီယာများကို ဖြေကြားခဲ့သည်။
 
"ထိုင်းက အာဆီယံမှာ နာမည်ကြီး အသင်းတစ်သင်းပါ။ ဒီအသင်းကို ရင်ဆိုင်ဖို့ ကျွန်တော်တို့မှာ အင်အား အပြည့် ရှိနေပါတယ်။ အနိုင်ယူပြီး ဗိုလ်လုပဲတက်ဖို့ ယုံကြည်ချက် အပြည့်အ၀ ရှိပါတယ်။ နိုင်ငံနဲ့ ပရိသတ် အတွက် ဆီမီးဖိုင်နယ်ကိုရော ဖိုင်နယ်ကိုရော အနိုင်ကစားသွားမှာပါ" ဟု အောင်ကောင်းမာန်က ဆိုသည်။
 
Ref : MFF
The Ladies News

 

Vote: 
No votes yet

Add new comment