NCA တွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနှင့် UNFC ဆွေးနွေးရာတွင် အချက် ၄ ချက် သဘောတူညီမှုရရှိ

NCA တွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရငြိမ်းရေးကော်မရှင် (PC) နှင့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စာလှယ်အဖွဲ့ (DPN) တို့ တရားဝင် ခြောက်ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် UNFC တောင်ဆိုထား အချက် ၈ ချက်မှ ၄ ချက် သဘောတူညီမှုရရှိ သည်ဟု နှစ်ဖက်တာဝန်ရှိသူများ ပြောကြားသည်။
 
သြဂုတ်လ ၁၀ ရက်မှ ၁၁ ရက်ထိ ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ပြုလုပ်သော အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN တို့ ခြောက်ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာ ရှင်းလင်းပွဲတွင် PC ဘက်မှ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး နှင့် DPN ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်တို့က သတင်း မီဒီယာများကို ပြောကြားသည်။
 
`ကျွန်တော်တို့ DPN ရဲ့ အဆိုပြုချက် ၈ ချက်ရှိတယ်။ နံပါတ် ၉ ကတော့ NCA ထိုးမယ်ဆိုတော့ အဓိက ဆွေးနွေးရတာ ၈ ချက်ပေါ့။ အဲဒီမှာ နံပါတ် ၁ ကနေ ၄အထိကို ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် သဘောတူနိုင်မယ့် အနေအထားမျိုး ရပါတယ်။ ၅၊ ၆၊ ၇၊ ၈ ကိုတော့ နှစ်ဖက်ဆွေးနွေးတယ်။ သူ့သဘောထား ဆွေးနွေးတယ်၊ ကိုယ့်သဘောထား ဆွေးနွေးတယ်။ အဲဒီအပေါ်မှာတော့ ကျွန်တော်တို့ မဆုံးဖြတ်ရသေးဘူး။ နှစ်ဖက် ခေါင်းဆောင်တွေဆီ ပြန်တင်ပြမယ်။ နောက်တစ်ကြိမ် တွေ့တဲ့အချိန်မှာ အဲဒါကို အတည်ပြုမှာ ဖြစ်ပါတယ်` ဟု ဦးဇော်ဌေးက ပြောကြားသည်။
 
ဆက်လက်ဆွေးနွးရန် ကျန်ရှိနေသော အချက်များတွင် နိုင်ငံရေး ပိုင်းဆိုင်ရာ မူဘောင်သုံးသပ်နှင့် တပ်ပိုင်းဆိုင်ရာ ဖြစ်သည့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ကိစ္စရပ်တို့ ပါဝင်ပြီး အဆိုပါကိစ္စရပ်များ တစ်ပေါင်းတစ်စည်းထဲ ဆွေးနွေးနိုင်မည့် နည်လမ်းများကို ရှာဖွေထားကြောင်း ဦးထွန်းဇော်က ပြောကြားသည်။
 
`ကျန်ရှိနေတဲ့ အချက်ကတော့ နိုင်ငံရေးပိုင်းဆိုင်ရာမှာဆိုရင် မူဘောင် သုံးသပ်မှု အပိုင်းရှိမယ်။ တပ်ပိုင်းဆိုင်ရာမှာ ဆိုလို့ရှိရင်တော့ JMC ယန္တရားကို ပိုမိုခိုင်မာအောင်လုပ်တဲ့ အပိုင်းရှိတယ်။ အဲဒီမှာ နိုင်ငံတကာ ပါဝင်မှုနဲ့ ပတ်သတ်လို့ နှစ်ဖက်ညှိနှိုင်းမှုတွေမှာ ထပ်ပြီးတော့မှ ဆွေးနွေး စရာတွေ ကျန်ပါသေးတယ်။ ဒီနေ့ ရရှိလာတဲ့ နားလည်မှုတွေကို နှစ်ဖက်အဖွဲ့အစည်းက ခေါင်းဆောင်တွေကို ပြန်လည်တင်ပြပြီးမှ အဲဒီက လမ်းညွှန်မှုနဲ့ ဆုံးဖြတ်မှုနဲ့ အခြေခံပြီး ဆက်ပြီးလာမယ့် တရားဝင် ၇ ကြိမ်မြောက် ဆွေးနွေးအမှုမှာ အပြီးသတ်နိုင်ဖို့တော့ မျှော်လင့်ထား ပါတယ်´ ဟု ဦးထွန်းဇော်က ပြောကြားသည်။
 
မူလရေးဆွဲထားသော နိုင်ငံရေးဆွေးနွေးဆိုင်ရာ မူဘောင်တွင် လိုအပ် ချက်များ ရှိနေသောကြောင့် ပြန်လည် ပြင်ဆင်ရမည်ကို နှစ်ဖက်လုံးက လက်ခံထားသည်ဟု အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
 
`နိုင်ငံရေးဆွေးနွေးမှု မူဘောင်အပိုင်းမှာ လည်း DPN အရင်တုန်းက Review Meeting တွေမှာ ပါခဲ့ပါတယ်။ အဲဒီအပေါ်မှာ Ownership ပေါ့။ DPN ရဲ့ Ownership ဒါတွေ ဆက်သွားဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာပဲ လက်မှတ်ထိုးပြီးသား ၈ ဖွဲ့နဲ့လည်း ဒီ Framework Review တွေ ပြန်လုပ်မှာပါ။ မူလက နိုင်ငံရေးဆွေးနွေးမှု မူဘောင်ဆိုတာက မလုပ်သေး ဘူး။ သီအိုရီတွေ တခြားနိုင်ငံ အတွေ့အကြုံတွေပေါ် မူတည်ပြီး ဆွဲခဲ့တာ ဖြစ်တယ်။ ဆွဲပြီးတော့ ၂၁ ရာစုပင်လုံ ပထမအစည်းအဝေးကတော့ Openning ပဲဖြစ်တယ်။ အဲဒီမှာ UNFC ရော လူကြီးတွေ မူဝါဒတွေ တင်ပြချက်တွေ ထုတ်ပြန်တယ် ပြောဆိုတယ် ဒီအပေါ်မှာပဲ ပြီးသွားတယ်။ ပြီးခဲ့တဲ့ ဒုတိယအကြိမ် အစည်းအဝေးမှာတော့ တကယ့် Political Debate ကအဲဒီမှာစတာ။ စတဲ့ အချိန်မှာ မူလက ရေးဆွဲထားတဲ့ နိုင်ငံရေး ဆွေးနွေး မှု မူဘောင်ဆိုတာက မလုပ်ရသေးဘူး။ လုပ်ရမယ့် အနေအထား ကို ကြိုတင်ပြီးတော့ စိတ်ကူးနဲ့ ပုံဖော်ရေးဆွဲခဲ့တာ ဖြစ်တယ်။ လက်တွေ့လုပ် တဲ့အခါမှာ လိုအပ်ချက်တွေလည်း ရှိတယ်။ ဒါလည်း နှစ်ဖက်စလုံးက တွေ့ပါတယ်။ တွေ့တဲ့အခါမှာ ပြန်ပြင်ဆင်ရမယ် ဆိုတာလည်း နှစ်ဦးနှစ် ဖက် လက်ခံထားပြီးသာပါ။ အဲ့ဒီအပေါ်မှာ ပြင်ရမယ့် အပိုင်းတွေရှိတယ်။ နောက်တစ်ခု JMC ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးလုပ်ငန်းစဉ် ခိုင်မာဖို့ အတွက် ဆွေးနွေးနေတာ ဖြစ်ပါတယ်´ ဟု ဦးဇော်ဌေးက ပြောကြားသည်။
 
နောက်တစ်ကြိမ် အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် UNFC ၏ DPN တို့၏ တရားဝင် ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ပထမပတ် သို့မဟုတ် ဒုတိယပတ်တွင် ပြုလုပ်ရန် လျာထားကြောင်း နှစ်ဖက် ပြောရေးဆိုခွင့်ရှိသူတို့က ပြောကြားသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment