မွန်ပြည်နယ်တွင် တောင်ကျရေများကြောင့် အနိမ့်ပိုင်းများတွင် ရေကျော်မှုဖြစ်ပွား

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာသောကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း အနိမ့်ပိုင်း၊ ကျိုက္ကော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး အလျား ပေ ၈ဝဝ ခန့်တွင် ရေကျော်ပြီး ယာဉ်အသွားအလာများ အခက်အခဲများ ဖြစ်ခဲ့ရကြောင်း သိရသည်။
 
''မိုးက အဆက်မပြတ်ရွာတော့ တောင်ကျရေတွေ စီးဆင်း လာတာပါ၊ ပုံမှန်စီးဆင်းနေတဲ့ ကျိုက္ကော်ချောင်းကလည်း တဖြည်းဖြည်းကျဉ်းလာတော့ မိုးများပြီဆိုတာနဲ့ ချောင်းရေ လျှံတယ်။မိုးများလာတာနဲ့ ရေက ပိုမြင့်လာ တယ်၊ လမ်းပေါ်ကို ရေက နှစ်ပေလောက်၊ အချို့နေရာ သုံးပေလောက် မြင့်လာတာ၊ အခုတော့ ရေကကျသွားပါပြီ''ဟု ကျိုက္ကော်ရပ်ကွက်နေ ကိုကျော်ကျော်က ပြောသည်။
 
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းကလည်း ရေလွှမ်းမှုများ ဖြစ်ပွားခဲ့ပြီး ယခုအကြိမ်မှာ တစ်ပတ်အတွင်း တတိယအကြိမ် ကားလမ်းပေါ် ရေလျှံခြင်းဖြစ်သည်။ ကျိုက္ကော်ချောင်းမှာ အကွေ့များပြီး ရေစီး လမ်းကြောင်း ပြောင်းလာခြင်းနှင့် လမ်းဘေးဝဲယာ ရေနုတ်မြောင်းများ ရေစီးရေလာ မကောင်းခြင်းတို့ကြောင့် ယခုကဲ့သို့ ကားလမ်းပေါ် ရေလွှမ်းခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
 
အဆိုပါ ရေလွှမ်းမှုကြောင့် ထိခိုက်ဆုံးရှုံးမှု မရှိခဲ့သော်လည်း ဒေသခံ များနှင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာရန် ခက်ခဲခဲ့ရာ နယ်မြေခံ တပ်မတော်သား များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေး အသင်းများက ယာဉ်များ အန္တရာယ် ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရေး ကူညီဆောင်ရွက် ပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment