စင်ကာပူနှင့် မလေးရှား နိုင်ငံတို့ ဆက်သွယ်ဖောက်လုပ် ရထားလမ်းအား ဂျပန်နိုင်ငံ၏ မြန်နှုန်းမြင့် ကျည်ဆံရထားနည်းပညာ ရွေးချယ်ခံရဖွယ်ရှိ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် တွေ့ဆုံစဉ် ဂျပန်နိုင်ငံ၏ ကျည်ဆံရထား နည်းပညာအား စင်ကာပူနိုင်ငံသို့ ရောင်းချနိုင်ရန် တိုက်တွန်းပြောကြားမှု ပြုလုပ်ခဲ့သည်။ စင်ကာပူသည် မလေးရှားနိုင်ငံနှင့် ချိတ်ဆက်မည့် အမြန်ရထားလမ်း စီမံကိန်းအတွက် မြန်နှုန်းမြင့် ရထားနည်းပညာတစ်ခုကို ရွေးချယ်ရန် စီစဉ်လျက်ရှိသည်။ ဂျပန်ကျည်ဆံရထား နည်းပညာ၏ ထိပ်တန်းအရောင်းသမားအဖြစ် ရည်ညွှန်းခံရသည့် ရှင်ဇိုအာဘေးသည် လီရှန်လွန်းအား ၀န်ကြီးချုပ်ရုံးခန်းအစား အမြင့်ဆုံး တန်ဖိုးထား ကြိုဆိုမှုကို ဖော်ပြသည့် နိုင်ငံတော်ဧည့်ဂေဟာ၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
 
စင်ကာပူနှင့် မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူ ဆက်သွယ်မည့် အမြန်ရထားလမ်းအတွက် ဂျပန်နိုင်ငံကလည်း တင်ဒါဝင်ရောက် ယှဉ်ပြိုင်ထားသည်။ ရှင်ဇိုအာဘေးက စင်ကာပူအနေဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သင်္ကေတအဖြစ် ဂျပန်ကျည်ဆံရထား နည်းပညာကို ရွေးချယ်မည်ဟု မျှော်လင့်ကြောင်း မစ္စတာလီရှန်လွန်းအား ပြောကြားခဲ့သည်။ မစ္စတာလီရှန်လွန်းက ဂျပန်ကျည်ဆံရထား နည်းပညာရဲ့ ဘေးအန္တရာယ် ကင်းရှင်းမှုနဲ့ စိတ်ချယုံကြည်ရမှု မှတ်တမ်းဟာ တင်ဒါ ၀င်ရောက်ယှဉ်ပြိုင်သူတွေကြားမှာ ထင်ရှားစွာ ရပ်တည်နေပါတယ်” ဟု ပြောကြားခဲ့သည်။
 
စင်ကာပူနိုင်ငံသည် အမြန်ရထားလမ်းနည်းပညာ တင်ဒါခေါ်ယူထားမှုအား ပွင့်လင်းမြင်သာ ရွေးချယ်သွားမည်ဟု လီရှန်လွန်းက ဆိုသည်။ နှစ်နိုင်ငံ ဆက်ဆံရေး နှစ်ငါးဆယ်ပြည့်အဖြစ် ဂျပန်နိုင်ငံသို့ လေးရက်ကြာ လာရောက်သည့် လီရှန်လွန်းသည် ဖခင်ဖြစ်သူ စင်ကာပူနိုင်ငံ တည်ထောင်သူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယူကို ဂျပန်နိုင်ငံက ချီးမြှင့်သည့် “Grand Condon of the Order of Paulownia Flowers” ဆုကို ကိုယ်စားလက်ခံရယူခဲ့သည်။ ယမန်နှစ်က ကွယ်လွန်ခဲ့သည့် ၀န်ကြီးချုပ်ဟောင်း လီကွမ်ယူအား “ခေတ်သစ်အာရှ၏ မဟာပုဂ္ဂိုလ်ကြီး” တစ်ဦးဟု တင်စားခဲ့ပြီး စင်ကာပူနှင့် အာရှပစိဖိတ် ဒေသတွင်း ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များကြောင့် ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
 
KHTun

The Ladies News

 

Vote: 
No votes yet

Add new comment