အကယ်ဒမီမေသန်းနုကို ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် ရန်ကင်းရဲစခန်းတွင် အမှုဖွင့်ထား

ကမာရွတ်မြို့နယ်တွင် နေထိုင်သော ဒေါ်စန်းစန်းမြင့်က အကယ်ဒမီ မေသန်းနုကို ငွေကျပ် သိန်း ၄၀၀ လိမ်လည်မှုဖြင့် စက်တင်ဘာလ ၈ ရက်နေ့တွင် ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကင်းမြို့နယ် ရဲစခန်းမှ သိရသည်။
 
သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းရှိ စရံငွေပေး၍ ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူခဲ့သည့် တိုက်ခန်းမှာ သရုပ်ဆောင် မေသန်းနုက ကန်ထရိုက်အဖြစ် ရှစ်ထပ်တိုက် ဆောက်လုပ်ခွင့် ရရှိထားကြောင်း ပြောဆိုခဲ့သော်လည်း ယင်းအဆောက်အအုံ၏ ကန်ထရိုက်မှာ အခြားသူ ဖြစ်နေကြောင်းကို ယခုနှစ်ဆန်းပိုင်းမှ စုံစမ်းသိရှိရသဖြင့် စရံငွေ ပြန်ပေးရန် တောင်းဆိုခဲ့ရာ ပြန်လည်မပေးသည့် အတွက် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
 
အဆိုပါ တိုက်ခန်းဝယ်ယူရန်အတွက် ဒေါ်စန်းစန်းမြင့်သည် ရုပ်ရှင်သရုပ်ဆောင် ဒေါ်သန်းသန်းဆင့် (ခ) မေသန်းနုကို ၂၀၁၄ ခုနှစ် ဇူလိုင်လက စရံငွေကျပ် သိန်း ၄၀၀ ကို သက်သေများရှေ့ စာချုပ်ချုပ်ဆို ပေးအပ်ခဲ့ကြောင်း သိရသည်။
 
“မနေ့ က အမှုလာဖွင့် သွားတာပါ။ ကျွန်တော်တို့ဘက်က စုံစမ်းစီစစ်နေတုန်းပဲ ရှိပါသေးတယ်” ဟု ရန်ကင်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Ladies သို့ ပြောကြားသည်။
 
ရန်ကင်းမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် တိုင်ကြားခံရမှုကို ရဲစခန်းမှ ယခုအချိန် စက်တင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီအထိ လာရောက် အသိပေးခြင်း မရှိသေးကြောင်း၊ သရုပ်ဆောင် မေသန်းနုနှင့် ၎င်းကို တရားလိုပြု အမှုဖွင့်တိုင်ကြားသည့် အမျိုးသမီးတို့မှာ ယခင်က စီးပွားရေးလုပ်ငန်း အချို့ အတူတကွ လုပ်ကိုင်ခဲ့ရာ ယခင်တစ်ကြိမ်ကလည်း သရုပ်ဆောင် မေသန်းနုကို အမှုဖွင့် တိုင်ကြားခဲ့ဖူးသော်လည်း အမှုရှုံးနိမ့်ခဲ့ပြီး ယခုတစ်ကြိမ် ထပ်မံအမှုဖွင့် တိုင်ကြားခြင်း ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် မေသန်းနုက ပြောကြားသည်ဟု The Voice က ဖော်ပြထားသည်။
 
 
ဝသန်
The Ladies News
 

 

Vote: 
Average: 5 (1 vote)

Add new comment