ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ RCSS / SSA ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ် တက်ရောက်မည် မဟုတ်

၂၀၁၆ ၊ ဇန်န၀ါရီလ ၁၂ ရက်နေ့ နေပြည်တော်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ RCSS / SSA သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီမှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည် ဖြစ်သော်လည်း အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်မှာ တက်ရောက်မည် မဟုတ်ကြောင်း RCSS/SSA မှ အဆင့်မြင့် အရာရှိတစ်ဦးက The Ladies News သို့ ပြောသည်။ "ကျွန်တော်တို့ RCSS/SSA ကိုယ်စားလှယ်အဖွဲ့ တွေကတော့ သွားတက်မယ်။ ဒါပေမဲ့ ဥက္ကဋ္ဌက ပြည်တွင်းကို လာဖို့ရှိပေမယ့် ဆွေးနွေးပွဲကိုတော့ တက်မှာမဟုတ်ဘူး " ဟု အဆိုပါ အဆင့်မြင့်အရာရှိက ပြောသည်။ လာမည့် ရက်ပိုင်းအတွင်း ကျင်းပမည့် ညီလာခံမှာ လေးရက်ကြာ ကျင်းပမည်ဖြစ်ပြီး NCA နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ ၊ အစိုးရ ၊ တပ်မတော် ၊ လွှတ်တော်နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကာ လက်မှတ် မထိုးရသေးသော အဖွဲ့ အများစုမှာ နိုင်ငံရေး ဆွေးနွေးခွင့် မရှိသောကြောင့် တက်ရောက်မည် မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးခွန်ထွန်းဦး ကဲ့သို့သော ခေါင်းဆောင်များ ကလည်း တက်ရောက်မည် မဟုတ်ဘဲ ၄င်းတို့ပါတီများမှ ကိုယ်စားလှယ်များကိုသာ စေလွှတ်မည်ဟု သက်ဆိုင်ရာ ပါတီအသီးသီးမှ တာဝန်ရှိသူများက သတင်းမီဒီယာ များကို ပြောဆိုထားသည်။ "လာမယ့်ပွဲက သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် စဖြစ်တယ်ဆိုရုံလောက်ပဲ ဖြစ်မယ်ထင်တယ်။ ရက်ကလည်း နည်းတယ်။ အဖွဲ့တွေ မစုံဘူး။ နာမည်ရှိတဲ့ ခေါင်းဆောင်တွေလည်း မတက်ကြဘူး ဆိုတော့လေ " ဟု ရှမ်းတပ်မတော် တောင်ပိုင်းမှ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။ ရှမ်းပြည် ပြန်လည်ထူထောင်းရေး ကောင်စီမှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ စာရင်းတွင် ပါဝင်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း ၊ အရှေ့ပိုင်း ရှိ မြို့နယ် တော်တော်များများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တို့တွင် အခြေချ လှုပ်ရှားမှုများ ပြုလုပ်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းလည်း ဖြစ်သည်။ Photo - ဦးညိုအုန်းမြင့် (MPC)The Ladies News Journal 

 

Vote: 
No votes yet

Add new comment