ကားနှင့် ဆိုင်ကယ် ပွတ်တိုက်မိရာမှ ဆိုင်ကယ်နောက်မှ ထိုင်လိုက်လာသူ ၈ နှစ်အရွယ်ကလေး ကားအောက် ခေါင်းရောက် ကျိတ်မိသေဆုံး

ပဲခူးခရိုင် ၊ ဝေါမြို့နယ် ၊ အဗျားဘိုတဲကျေးရွာအနီး ရန်ကုန်- မော်လမြိုင် ကားလမ်းပေါ်၌ ကားနှင့် ဆိုင်ကယ်တို့ ပွတ်တိုက်မိရာမှ ကျောင်းသူတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည် ။

ဖြစ်စဉ်မှာ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဆိုင်ကယ်နောက်မှ ထိုင်စီးလာသူ အသက် ၈ နှစ်အရွယ် ကျောင်းသူမှာ ကားနောက်ဘီးဖြင့် ကြိတ်မိပြီး သေဆုံးခဲ့ခြင်းဖြစ်သည် ။

ဝေါမြို့နှင့် ၃ မိုင်ခန့် အကွာတွင်ရှိသော အဗျားဘိုတဲကျေးရွာ အနီး ရန်ကုန် - မော်လမြိုင်ကားလမ်း ၊ မိုင်တိုင် ၇၅/၅ နှင့် ၇၅/၆ ကြား ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့်  ကုန်တင်ယာဉ်မှ ကျော်တက်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ။

ဝေါမြို့နယ် ၊ ဘိုးဦးစိန်ကျေးရွာနေ ဖခင်ဖြစ်သူက  သမီးဖြစ်သူကို နောက်ကယ်ရီခုံတွင် တင်ဆောင်၍ မောင်းနှင်လာသည့် ဆိုင်ကယ်ကို အဆိုပါ ကုန်တင်ယာဉ်မှ ကျော်တက်ရာ ယာဉ်၏ ယာဘက်ခါးလယ်ပိုင်းနှင့် ဆိုင်ကယ် ပွတ်တိုက်မိ၍ ဆိုင်ကယ်လဲကျ တိမ်းမှောက်ပြီး ဆိုင်ကယ်နောက်တွင် စီးနင်းလာသော အသက် ၈ နှစ်အရွယ် သမီးငယ်မှာ  ယာဉ်၏အောက်သို့ ရောက်ရှိသွားပြီး ဦးခေါင်းကို နောက်ဘီးဖြင့် ကြိတ်မိသဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည် ။

ယာဉ်အား မဆင်မခြင် မောင်းနှင်သော မော်လမြိုင်မြို့နေ ယာဉ်မောင်းအား ဝေါမြို့မရဲစခန်းက ယာဉ် (ပ) ၅၅ / ၁၅ ၊ ပြစ်မှုပုဒ်မ ၃၀၄ - က / ၃၃၈ (ယာဉ် မဆင်မခြင်မောင်းနှင်၍  လူသေဆုံး ထိခိုက်ဒဏ်ရာ ရရှိမှုဖြင့်) အမှုဖွင့် အရေးယူထားပြီး ဆိုင်ကယ် မောင်းနှင်သူအား အတွင်းလူနာ (မစိုးရိမ်ရ)ဖြင့် ဝေါဆေးရုံ၌ ကုသလျက်ရှိကြောင်း သိရသည် ။

သတင်း  - MMK

The Ladies News Journal

Vote: 
No votes yet

Add new comment