တနင်္ဂနွေစာအုပ်စင်

အလွင့်
ရှိန်ဝါ

စပယ်စာအုပ်
တန်ဖိုး - ၁,၅၀၀ ကျပ်

လွန်းဆက်နိုးမြတ်နဲ့ အောင်သူရ တို့က သုံးသပ်ချက်တွေရေးပေးထားကြတဲ့ အလွင့်မှာ ကဗျာ ၁၀၁ ပုဒ်ပါဝင်ပါတယ်။

“အလွင့်ကဗျာစာအုပ်ထဲက ကဗျာတွေရှင်သန်နေအောင် ဖန်တီးထားတဲ့ ဗလာနယ်ဟာ ဘာလဲလို့ စူးစမ်းကြည့်တဲ့အခါ ‘အချိန်အယူအဆ’ နဲ့ ‘အရှိတရားအယူအဆ’ ဆိုတဲ့ ဗလာနယ်နှစ်ခုကို ရှာဖွေတွေ့ရှိရတယ်” လို့ အောင်သူရက ဆိုထားပြီး -

“ရှိန်ဝါရဲ့ ကဗျာတို အများစုက နက်တယ်။ နက်တယ်ဆိုတာ အနက်ကြီး တူးရတာ။ အနက်ကြီး တွေးဆရတာ။ ကဗျာဖတ်ကျင့် အထိုက်အလျောက်ရှိသူတွေတောင်မှ ရှိန်ဝါရဲ့ ကဗျာတိုတွေဖတ်ရတဲ့အခါ ရှော့ခ်မီးပွင့် သေးသေးလေးတွေ တဖောက်ဖောက်ထမြည်မှာ သေချာတယ်။ သိမှုအာရုံထဲမှာလည်း တဖျတ်ဖျတ်နဲ့ တရစပ် အလင်းပွင့်ပါလိမ့်မယ်။ သူ့ကဗျာတိုအချို့ရဲ့ အဆုံးသတ်တွေဟာ ကဗျာဖတ်သူကို ငေးငိုင်သွားစေပါလိမ့်မယ်။ ကဗျာက ထွက်ခွာသွားပေမယ့် ကဗျာဖတ်သူက မပြေလွင့်သေးတဲ့ မြူတောထဲမှာ ကဗျာအလုပ်ကို ဆက်လုပ်နေရတယ်” လို့ လွန်းဆက်နိုးမြတ်က ဆိုထားပါတယ်။

နှစ်ဆန်းတစ်ရက်နေ့၊ မရိုက်ရသေးတဲ့ ရုပ်ရှင်လက်မှတ်အဟောင်းနှစ်ခု၊ ဖုတ်ဝင်သတို့သမီး၊ ရေနွေးကြမ်း၊ မီးတောက်ဟောင်း၊ တိုက်ခန်းထဲက ပင်လယ်၊ အရူးမှာ နာရီတစ်လုံးရှိတယ် အစရှိတဲ့ ကဗျာတိုတွေကို ဖတ်ရှုတွေးတော ရပါမယ်။

ကဗျာမြည်း
********
ငြိမ်းချမ်းရေးဆွေးနွေးပွဲ
…………………………..
ညှစ်လိုက်တဲ့နှပ်ချေးဟာ
လက်မနဲ့လက်ညှိုးကြား တွဲလွဲခိုနေတယ်
လက်ကို နည်းနည်းဟလိုက်ရင်
လက်မဘက်ကို ပါသွားမလား
လက်ညှိုးဘက်ကို ပါသွားမလား
ဘယ်ဘက်မှ မပါဘဲ ပြုတ်များကျသွားမလား
အညစ်အကြေးဟာ တိုးလိုးတွဲလောင်း။
……………………………………………………………..
အပျောက်
………….
လက်မထပ်ဘဲ အတူနေသူ ဇွန်းနဲ့ ခက်ရင်း
လိင်တူချစ်သူ တူတစ်စုံ
အရသာကို ပြဋ္ဌာန်းလျှာက မသိဘူး။
………………………………………………………….
ကြီးသွားများ
…………….
ငါသေရင် ငါ့ကိုယ်ကို အပိုင်းပိုင်းခုတ်ထစ်
အိမ်ခေါင်မိုးပေါ် ပစ်တင်ပေးကြပါ
မင်းတို့ငတ်တာ ငါမကြည့်ရက်ဘူး
ဖြူစင်သော သွားတွေအဖြစ်နဲ့ ငါပြန်လာခဲ့မယ်။

The Ladies News

 

Vote: 
No votes yet

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.