အရုပ်ရေးပြရတော့မည့်သတ္တ၀ါ ဖြစ်လာမှာလား // အေးလွင် ( ကသာ ) //

ကျွန်တော်တို့တိုင်းပြည်သည် ကံကြမ္မာ၏ မျက်နှာသာပေးခြင်းကို ရရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။ မြေပေါ်၊ မြေအောက်၊ ရေအောက် သယံဇာတမျိုးစုံကို သဘာဝတရားမှ လက်ဆောင်ပေးခဲ့သောကြောင့် ဖြစ်သည်။ သို့သော် စည်းကမ်းမဲ့မှု လုပ်ဆောင်ချက်များကြောင့် သယံဇာတ အရင်းအမြစ်များ ပျက်စီးဆုံးရှုံး၍ ကုန်ဆုံးတော့မည့် လက္ခဏာများကို ကြိုမြင်တွေ့လာရပြီ ဖြစ်၏။
 
လူတစ်ဦးချင်းဖြစ်စေ၊ ရပ်ကွက်၊ မြို့ရွာ၊ နိုင်ငံဖြစ်စေ စည်းကမ်းရှိမှသာ တိုးတက်မှုရှိမည် ဖြစ်သလို စည်းကမ်းပျက်သွားလျှင်လည်း အစစအရာရာ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ သယံဇာတများကို စီမံခန့်ခွဲပိုင်ခွင့် ရှိသူတို့မှ စတင်၍ အဂတိတရားများနှင့် စည်းကမ်းချိုးဖောက် လုပ်ဆောင်ခဲ့မှုများ၏ ဒဏ်ကို ယခုခံနေရပြီဖြစ်သလို နောင် မကြာခင်နှစ်များတွင်လည်း ဆက်တိုက်ကြုံတွေ့ရတော့မည် ဖြစ်၏။ စည်းကမ်းမဲ့စွာ လုပ်ဆောင်မှုသည် အောက်ခြေအထိ စွဲမြဲစွာ ရောက်ရှိသွားသောအခါ ပျက်စီးဆုံးရှုံးခြင်းသို့ ဦးတည်သွားတော့မည် ဖြစ်သည်။
 
မြန်မာနိုင်ငံ၌ မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းသော မြစ်ကြီး၊ မြစ်ငယ်များနှင့် ချောင်း၊ မြောင်း၊ အင်းအိုင်များစွာ ရှိသလို မြန်မာ့ ရေပိုင်နက် ပင်လယ်ပြင်ရှိသည်။ ဤရေပြင်များမှ ငါးသတ္တ၀ါများစွာသည် မြန်မာပြည်သူ၊ ပြည်သားများအတွက် စားမကုန်သည့် ရိက္ခာအင်အားများ ဖြစ်ခဲ့ရာမှ ယခုတော့ ရှားပါးလာမည့် အခြေအနေများကို မြင်လာရပြီ ဖြစ်၏။ လူဦးရေ တိုးပွားလာသည်နှင့်အမျှ ပိုလိုအပ်လာသော စားနပ်ရိက္ခာအတွက် တိုးပြီး ရှာဖွေရာတွင် စည်းမဲ့ကမ်းမဲ့ ငါးဖမ်းနည်းများကြောင့် ငါးများရှားလာသလို ကြာလျှင် ငါးမျိုးပြုန်းတော့မည် ဖြစ်သည်။
 
ကျွန်တော့်ဇာတိမြေဆိုလျှင် ဧရာဝတီမြစ်နှင့် ရွှေလီမြစ်ပေါင်းဆုံသည့် နေရာဖြစ်သလို အင်းအိုင် ချောင်းမြောင်းများကလည်း ပေါများသဖြင့် ငါးထွက်ကုန် လုပ်ငန်းက ကြီးမားသည်။ အခြားဒေသများသို့ အမြဲမပြတ် တင်ပို့ရောင်းချနေရသည်။ ငယ်စဉ်ကလေးဘ၀က ရပ်ကွက်ဘေးမှ ဖြတ်စီးနေသော ချောင်းထဲတွင်လည်း ငါးများအလွန်ပေါ သဖြင့် ရေချိုးသွားလျှင် ငါးမျှားတံယူသွားသည် ငါးမျှားရင်း ရေချိုးရင်း ဆော့ကစား၍ အိမ်ပြန်လျှင် ငါးဟင်းစားတော့ ပါလာခဲ့သည်။ အလယ်တန်းကျောင်းသားဘ၀ ရောက်တော့ ချောင်းကြို ချောင်းကြား စိမ့်ကြို စိမ့်ကြား လယ်ကြို လယ်ကြား မြောင်းထဲမကျန် ငါးလိုက်မျှားရာမှတစ်ဆင့် တက်ပြီး ဧရာဝတီမြစ်ထဲ ငါးမျှားသွားသည်။ အင်းထဲလိုက်ပြီး ငါးမျှားသည်။ တစ်နေကုန် ငါးမျှား၍ အိမ်ပြန်လျှင် ရင်ကော့ပြီး ပြန်နိုင်အောင် ငါး ၅၀ သား၊ တစ်ပိသာအထိ ရတတ်သည်က မေ့မရသည့် အတိတ်ကာလများ ဖြစ်၏။
 
အထက်တန်းကျောင်းပြီးတော့ ငါးမမျှားဖြစ်တော့ပေ။ သို့သော် အင်းထဲရှိ မိတ်ဆွေများထံ သွားလည်လျှင် ငါးကင်အ၀ကျွေး၍ အိမ်ပြန်လက်ဆောင်ငါးများ ပေးတတ်သည်ကို အမှတ်ရမိသည်။ ငါးရှားပါးလာ၍ ဈေးကြီးသလား၊ စားသုံးသူများလာ၍ ဈေးကြီးသလား မသိပေ။ သို့သော်လည်း ယခုအချိန်တွင် ငါးပေါသောဒေသတွင် စေါးမပေါတော့သော ငါးများကို စားနေရပြီ ဖြစ်သည်။ မနှစ်က ငါးလုပ်ငန်း အဓိကလုပ်ကိုင်ရာ အင်းဒေသသို့ အလည်ရောက်သွား၏။ ငါးကြီး၊ ငါးကောင်းများ ခက်မကျွေးနိုင်တော့ပေ။ ငါးသေးများသာ ချက်ကျွေးရင်း မိတ်ဆွေက ငါးများရှားလာပုံ ညည်းပြတော့၏။ အိမ်အပြန် ငါးဝယ်တော့ သူက အရင်လိုသာဆို လက်ဆောင်ပေးရမှာ။ အခုတော့ လက်ဆောင်ပေးဖို့ မဖြစ်နိုင်တာ ၀မ်းနည်တယ်ဟု ပြောပြီး ကျွန်တော်ဝယ်သော တန်ဖိုးထက် ပိုမိုပြီး ငါးများပေးပါသည်။ ရေလုပ်သားတို့၏ အခက်အခဲများ၊ ငါးဖမ်းနည်းများ သောင်းပြောင်းထွေလာ ပြောရင်း သိလာရသည်မှာ ငါး သယံဇာတများ တဖြည်းဖြည်း ရှားပါးလာခြင်း ဖြစ်သည်။ ဧရာဝတီမြစ်ထဲ အမျိုးစုံအောင် ရှိခဲ့သော ငါးမျိုးစိတ်များစွာထဲမှ အချို့ ငါးမျိုးစိတ်များ ရှားပါးလာသလို ပျောက်ကွယ်သွားသည့် မျိုးစိတ်များလည်း ရှိလာသည်။ မြစ်ထဲတွင် ငါးတစ်ကောင်တည်း အချိန် ၅၀ ပိသာ၊ ၆၀ ပိသာ ထိရှိသော ငါးကြီးများ ဖမ်းမိခဲ့သည်၊ ပေါများခဲ့သည်။ ယခုတော့ အချိန် ၂၀ ပိသာ၊ ၂၅ ပိသာအထိပဲ ရှိသည့် ငါးကိုသာ အကြီးဆုံးထင်ရတော့ကြောင်း ငါးလုပ်ငန်းလုပ်သူ မိတ်ဆွေက ပြောပြသည်။
 
ဤလို ငါးရှားပါးလာခြင်း အဓိကအကြောင်းရင်းမှာ စည်းကမ်းမဲ့စွာ ငါးဖမ်းခြင်းကြောင့် ဖြစ်သည်။ ချောင်းကြို၊ ချောင်းကြားမှ မြစ်ထဲအထိ အင်းထဲအထိ ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းကြသည်။ ဆေးခပ်၍ ငါးဖမ်းကြသောကြောင့် ငါးများစွာရရှိ သော်လည်း မျိုးပွားရန်မရှိတော့ သောကြောင့် တဖြည်းဖြည်းနှင့် ငါးရှားလာခြင်း ဖြစ်သည်။
 
ကျဉ်စက်ဖြင့် ဘက်ထရီရှော့တိုက် ငါးဖမ်းနည်းက တစ်နိုင်တစ်ပိုင် စက်အသေးလေးမှ ယခုအခါ ၈၀၀၀ w မှ ၁၀၀၀၀ w အထိ ရှိသော ကွိုင်ထုတ်များကို 12 V / 24 V ဘက်ထရီဖြင့် ရှောခ်တိုက်ဖမ်းကြသည်။ ယခုနောက်ပိုင်းတွင်မတော့ ဧရာဝတီမြစ်ထဲ မော်တော်ဖြင့် စုန်ဆန်မောင်းနှင်ကြရင်း လူလစ်သည်နှင့် ကျဉ်စက်ကို အသုံးပြု၍ ငါးဖမ်းကြသည်။ ညအချိန် စက်တပ်လှေများဖြင့် သွားလာပြီး ရှောခ်တိုက်ငါးဖမ်းကြသည်။
 
ဤလိုငါးဖမ်းခြင်းကြောင့် ငါးရှိသော ချောင်းများတွင် ငါးမရှိတော့သည်ကို လက်တွေ့မြင်ဖူး၏။ ယခုက ငါးမျှား၊ ကွန်ပစ်၊ ပိုက်တန်း၊ ဖမ်းခဲ့ကြသော်လည်း ငါးက မလျှော့သွားဘဲ ယခုနောက်ပိုင်း ဆေးခပ်ဖမ်းနည်းနှင့် ကျဉ်စက်ဖြင့် ငါးဖမ်းနည်းကြောင့် ဧရာဝတီမြစ်မကြီးထဲတွင် ငါးများရှားလာပြီဖြစ်၏။ ဆေးခပ်ငါးဖမ်းနည်းကလည်း ငါးများကို မလွတ်စေရပေ။ တံစူးနှင့် မှော်ချုံရှိသော နေရာများမှ ငါးများကို ကွန်နှင့်ပစ်၍ မရသောအခါ ကွန်ပစ်သမားက ဆေးနံ့ပေးလိုက်သောအခါ ငါးများ ထွက်လာချိန် ကွန်ပစ်ဖမ်းခြင်း ဖြစ်သည်။ ပိုက်တန်း၍ ငါးဖမ်းသူကလည်း ငါးများ ခိုအောင်သော ကျူတော ကိုင်းတောအပြင်မှ ပိုက်တန်းထား၍ ငါးများထွက်လာစေရန် ကျူတော၊ ကိုင်းတော အတွင်း ဆေးနံ့ရအောင် ဆေးလောင်းချလိုက်သောအခါ ငါးများထွက်လာပြီး ပိုက်တန်းထဲဝင်တိုးအောင် လုပ်ခြင်း ဖြစ်သည်။
 
ပိုက်နှင့်ရှာဖွေ၍ ကျန်သော ငါး၊ ကွန်ပစ်၍ ကျန်ရှိသော ငါးများကို မလွတ်စေရအောင်လည်း ဆေးခတ်ဖမ်းဆီးကြသည်။ တစ်ခါတည်း ငါးမျိုးတုံးအောင် လုပ်နေသည်နှင့် တူနေလေသည်။ မြစ်ချောင်းများကလည်း ငါးများ ခိုအောင်ကျက်စားရာနေရာကောင်း မဖြစ်လာတော့ခြင်းကလည်း ငါးများအတွက် အခက်အခဲ ဖြစ်လာသည်။ မြစ် ချောင်းများက သစ်တောပြုန်းတီးမှုနှင့်အတူ ရေစီးရေလာ ကောင်းမွန်မှု ဆုတ်ယုတ်လာတော့သည်။ လက်ဝဲသုန္ဒရ အမတ်ကြီးကြောင့် မြန်မာစာပေတွင် ဂန္တ၀င်ဖြစ်ခဲ့သော မဲဇာမြစ်ဆိုလျှင် ဗန်းမောက်မြို့နယ်ထဲမှ ရွှေကျင်ရင်းစွန့်ထုတ်သည့် အနယ်များကြောင့် ပျောက်ကွယ်လုမတတ်ဖြစ်လာသည်ကို တွေ့ရမည် ဖြစ်သလို ငါးများလည်း မရှင်သန်နိုင်တော့ပ။ ၂၀၀၈ ခုနှစ်ကအထိ မဲဇာမြစ်ထဲ ဧရာဝတီလင်းပိုင်များ ကျက်စားနေထိုင်ခဲ့သည်မှာ ဒဏ္ဍာရီပမာ ဖြစ်သွားရပြီ ဖြစ်၏။
 
ဧရာဝတီမြစ်ထဲတွင်လည်း ရေတိမ်သောနေရာ မော်တော်ပန်ကာဒလက် ထိမိသောကြောင့် ဧရာဝတီလင်းပိုင် အမြီးကိုထိမိပြီး သေဆုံးခဲ့ရမှု ဖြစ်ခဲ့ဖူးသေးသည်။ ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်းကြောင့် ထိခိုက်ရသော သတ္တ၀ါများတွင် ဧရာဝတီ လင်းပိုင်များလည်း ပါဝင်သည်။ ငါးများ၏ သဘာဝအရ ညအချိန်များ၍ ကမ်းတွင်လည်းကောင်း၊ ရေတိမ်နှင့် ရေနက် ဆက်စပ်သည့် ရေတိမ်ကမ်းနားတွင် လည်းကောင်း အနားယူလေ့ရှိ၏။ ဧရာဝတီလင်းပိုင်များက ညအချိန် အစာရှာရာတွင် ရေတိမ်စည်းပါးနေရာများ၌ အမြီးနှင့် ခြောက်လှန့်ခြင်း၊ နှာမှုတ်သံပေး၍ လှန့်ခြင်း ပြုလုပ်၍ ငါးများကို ဖမ်းယူစားသောက်တတ်ကြသည်။ ငါးကြီးများကို မစားပေ။ အနေတော် ငါးများကိုသာ စားခြင်းဖြစ်သည်။
 
ညအချိန်တွင် တရားမ၀င် ကျဉ်စက်အသုံးပြု ငါးဖမ်းသူက ငါးများ ခိုအောင်းသောနေရာတွင် လာရောက်ဖမ်းဆီးသောအခါ လင်းပိုင်များလည်း လျှပ်စစ်ရှော့ခ်တိုက်သည့် ဒဏ်ကိုခံကြရ၏။ သေဆုံးမှုများ ဖြစ်လာရ၏။ ဧရာဝတီ လင်းပိုင်များမှာ ရေနေနို့တိုက်သတ္တ၀ါ မျိုးစိတ်ဖြစ်ပြီး သုံးနှစ်လျှင်တစ်ကြိမ်သာ သားပေါက်ဖွားသည်။ ပေါက်ဖွားနှုန်း မလျင်မြန်ပေ။ ၌လိုအခြေအနေတွင် တရားမ၀င် ငါးဖမ်းနည်းဖြစ်သော ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်းကြောင့် နှစ်စဉ်လိုလို သေဆုံးမှုကလည်း ဖြစ်ရသေးသည်။
 
တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေအရ တရားမ၀င် ငါးဖမ်းနည်းဖြင့် ငါးဖမ်းလျှင် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်၊ ဒဏ်ငွေ သုံးသိန်းကို သီးခြား သို့မဟုတ် တစ်ပေါင်းတည်း ကျခံစေရန် ပြဋ္ဌာန်းထားသော်လည်း ပြစ်ဒဏ်ချမှတ်ရာ တွင် အများဆုံး ၃ လခန့်သာ အပြစ်ပေးကြခြင်းကြောင့် ကျူးလွန်သည့်ပြစ်ဒဏ်နှင့် ပြစ်မှုမမျှသလို ဖြစ်နေသည်။ ဆက်လက် မလုပ်ဆောင်ရန် တားဆီးမှုမပြုနိုင်သလို ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်၏။ လောကတွင် ဘယ်သူသေသေ ငတေမာဖို့ အဓိကဆိုသည့်လူများ ပေါများနေပါက ထိုလူ့အဖွဲ့အစည်း ပျက်စီးမည်ဖြစ်သည်။ လူတစ်စုကောင်းစားဖို့ လူအများကြီး ဒုက္ခရောက်ဖို့ ဖန်တီးသည့် အခြေအနေကိုလည်း လက်ခံ၍မဖြစ်ပေ။
 
ကိုယ်ကျိုးအတွက် တရားမ၀င်သော ငါးဖမ်းနည်းများကြောင့် မြန်မာ့ရေပြင်အတွင်း ငါးများ မရှိသလောက် ရှားပါးရမည့် အခြေအနေကို မဖြစ်အောင် တတ်နိုင်သမျှ တားဆီးကာကွယ်ဖို့ တာဝန်ရှိသူများ၌ တာဝန်ရှိနေပါသည်။ ထိရောက်စွာ အရေးယူပြီး တရားမ၀င်ငါးဖမ်းနည်း ပပျောက်အောင် လုပ်သင့်ပါသည်။
 
အေးလွင် ( ကသာ )
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.