ပြည်သူ့ဘ၀ လုံခြုံစေချင် // လင်းသက်ခိုင် //

သည်အသံတွေကို မကြာခဏ ကြားကြားနေရသောအခါ ပြည်သူတို့၏စိတ် ချမ်းမြေ့မှု မရှိတော့ချေ။ ချစ်သူ မိန်းကလေးကို သူ့ချစ်သူကိုယ်တိုင်က အငြင်းပွားရင်းမှ ခိုက်ရန်ဖြစ်ကာ သတ်ပစ်လိုက်သည်။ သူစိမ်း ယောက်ျားလေးနှင့် အွန်လိုင်းမှာ ခင်မင်ရာမှ ချိန်းသောနေရာသို့ သွားမိ၍ မတော်မတရား အပြုခံရပြီး အသတ်ခံရသည်။ အရွယ်မရောက်သေးသော မိန်းကလေးအား အိမ်နီးချင်းက မိခင်မရှိသည့်အချန်တွင် အဓမ္မပြုကျင့်၍ ရက်စက်စွာ သတ်ပစ်လိုက်သည်။ ဤကဲ့သို့ မတရားသော အဓမ္မသတင်းကို ကြားရတိုင်း စိတ်ထဲ မချမ်းမြေ့ခဲ့ပါချေ။
 
ယခုလည်း ကြားရပြန်ပါသည်။ အစိုးရ၀န်ထမ်း အမျိုးသမီးလေးတစ်ဦးအား မတရားပြုကျင့်ပြီး သတ်ပစ်ကာ ငမိုးရိပ်ချောင်းအနီးမှာ စွန့်ပစ်ထားသည် ဆိုသော သတင်းကို ကြားသိရသည်နှင့် စိတ်ထဲမှာ အတော်ပင် ခံပြင်းမိလေသည်။ လူ့အသက်တစ်ချောင်းကို အလွယ်လေးနှင့် ကြက်ကလေး၊ ငှက်ကလေးလို သတ်ပစ်ရက်သော လူယုတ်မာတို့၏ လုပ်ရပ်ကိုလည်း အလွန်အမင်း စက်ဆုပ်မိလေသည်။ မတော်လောဘနှင့် သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာကို မတရား လုယက်ချင်သည့်အပြင် အသက်တစ်ချောင်းကိုပါ သတ်ပစ်ရက်လောက်အောင် ရိုင်းစိုင်းယုတ်မာသော ထိုလူဆိုးတို့အား တရားဥပဒေက ပြင်းပြင်းထန်ထန် အရေးယူပေးစေချင်သည့် စိတ်များ တဖွဖွ ဖြစ်ပေါ်နေလေသည်။
 
ကျွန်တော်တို့၏ နိုင်ငံတွင်ရှိသော တရားဥပဒေဆိုသည်မှာ အဘယ်အရာနည်း။ ကျွန်တော် သိနားလည်သည်ကတော့ ဥပဒေဆိုသည်မှာ အပြစ်မဲ့သူတွေကို အကာအကွယ်ပေးဖို့၊ စောင့်ရှောက်ပေးဖို့၊ အပြစ်ကျူးလွန်သူတွေကို အပြစ်ပေးနိုင်အောင် ပြဋ္ဌာန်းထားသော အရာပင်ဖြစ်ပေသည်။ ဥပဒေသည် ပြည်သူကို စောင့်ရှောက် အကာအကွယ်ပေးနိုင်သည်။ ပြည်သူတွေ ဒုက္ခရောက်လျှင် ကာကွယ်မည့် ဥပဒေရှိသည်ဟု ပြည်သူများက အကြမ်းဖျဉ်း နားလည် လက်ခံထားကြလေသည်။ စင်စစ် တရားဥပဒေဆိုသည်မှာ အမှန်တရားတစ်ခုပင် ဖြစ်လေသည်။
 
ပြည်သူတို့သည် အမှန်တရားကို ချစ်၏။ မြတ်နိုး၏။ ကိုးကွယ်၏။ အဖြစ်မှန်ကို ဖုံးကွယ်၍ လုပ်ကြံလီဆယ်ထားသည် တို့ကို စက်ဆုပ်၏။ ရွံ့မုန်းကြ၏။ အမှန်တရားကို အမှန်တရားအတိုင်း မြင်ချင်တွေ့ချင်သည်။ ဖြစ်စေချင်သည်။ အမှန်တရားကို မျက်ကွယ်ပြု၍ ဖုံးကွယ်ထားသည်တို့ကို ဖော်ထုတ်ပြသစေချင်ပါသည်။ မည်သူမဆို အပြစ်ကို ကျူးလွန်လျှင် ဥပဒေအတိုင်း အရေးယူစေချင်သည်။ ပြစ်မှုနှင့် ဆတူညီသော ပြစ်ဒဏ်ကို ကျခံစေလိုသည်။
 
မည်သူ့သားသမီးဖြစ်၍ မည်သူနှင့် ပတ်သက်၍ လာဘ်ပေးထား၍ စသဖြင့် ပြစ်ဒဏ်လျှော့ပေါ့ခြင်းကို မလိုလားကြပေ။ ဥပဒေသည် ကျောသားရင်သား မခွဲဘဲ တစ်ပြေးညီအရေးယူစေချင်သည်။ အရှင်းဆုံးပြောရလျှင် ဥပဒေအထက်တွင် မည်သူမျှ မရှိခြင်းက ဥပဒေ၏ ဂုဏ်သိက္ခာကို မြင့်မားစေပါသည်။
 
( ၂ )
 
သို့သော်လည်း ကျွန်တော် မြင်တွေ့ရသည်ကတော့ ကျွန်တော်တို့ဆီက တရားဥပဒေသည် လိုသည်ထက် ပို၍များ လျှော့တိလျှော့ရဲများ ဖြစ်နေသလားဟု ကျွန်တော် တွေးမိသည်။ ယခုနောက်ပိုင်းတွင် တရားဥပဒေကို စိန်ခေါ်နေသည့် ဖြစ်ရပ်များ ပိုမိုများလာသည်ဟုပင် ထင်မိသည်။ ဘယ်နေရာမှာတော့ ခိုးသွားပြန်ပါပြီ။ ဘယ်နေရာမှာတော့ ဆိုးသွမ်းလူငယ်တွေ ရမ်းကားမှုတွေ ဖြစ်နေသည်။ ရိုက်နှက်မှုတွေ ဖြစ်နေသည်ဟု ကြားရပြန်သည်။ လုယက်မှုကတော့ နေရာတိုင်း၊ နယ်တိုင်းမှာ ကြားရသည်။ မန္တလေးမှာ ဆိုင်ကယ်နှင့် လုယက်မှုတွေ ပိုများသည်ဟု သိရသည်။ ဆိုင်ကယ်နှင့် လုယက်မှုကတော့ အနယ်နယ်မှ ကြားရသည်။ ခိုးသည်၊ လုသည်၊ သည်ထက်တိုးလျှင် ဓားပြတိုက်မည်။ သည်နိုင်ငံမှာ ပြန်ပေးဆွဲသည်ကတော့ ကြားရခဲသည်။ လူကုန်ကူး၊ လူမှောင်ခိုများကတော့ ရှိသည်။ လူနှင့် လူချင်း ရက်စက်စွာ လူမှောင်ခိုလုပ်၍ တစ်ဖက်နိုင်ငံသို့ ရောင်းစားခြင်းကတော့ ကိုယ်ချင်းစာတရား မဲ့လွန်းသည်။
 
ဥပဒေအပြင်ဘက်က လူဆိုးလူမိုက်များကတော့ တရားဥပဒေကို စိန်ခေါ်၍ ရာဇ၀တ်မှုများကို လစ်လျှင် ကျူးလွန်တတ်ကြသည်။ ပစ္စည်းလိုချင်၍ ဓားပြတိုက်သည် မဟုတ်တော့၊ အပြစ်မဲ့ ပြည်သူတို့၏ အသက်တစ်ချောင်းကိုပင် အလွယ်လေးဖြင့် သတ်ပစ်ရန် ၀န်မလေးကြတော့ပေ။ မည်သို့သော စရိုက်ဆိုး၊ စိတ်ဓာတ်ဆိုးတို့ဖြင့် လူ့အသက်ကို သတ်ရက်ပါသနည်း။ လူကို ရိုက်နှက်၍ ပစ္စည်းယူသည့်အပြင် အသက်ကိုပါ သတ်လိုက်ကြသည်။ ရက်စက်လွန်းလှသည့် လူမဆန်သည့် လုပ်ရပ်ဖြစ်ပေသည်။
 
ယနေ့အထိ ငါးလောင်းပြိုင်လူသတ်မှုကြီး မပေါ်သေးပေ။ တစ်နှစ်က ဖြစ်သွားသော လေးလောင်းပြိုင်အမှု ခုထိ မမိသေးပေ။ ကျန်သေးသည့် အခြားသော လူသတ်မှုတို့ ယခုအချိန်အထိ မမိနိုင်သေးပေ။ သဲလွန်စများ ရှိသော်လည်း တရားခံကို မမိနိုင်ပေ။ ထိုသို့သော ဖြစ်ရပ်များသည် တရားဥပဒေကို စိန်ခေါ်နေသော လုပ်ရပ်များဖြစ်နေပေတော့သည်။ ဘယ်နေရာမှာတော့ အိမ်ပေါ်တက်ပြီး ဓားပြပြီး ခြိမ်းခြောက်ကာ လုယက်သွားသည်၊ ရိုက်နှက်သွားသည်၊ သတ်ပစ်လိုက်သည် အစရှိသည့် အကြောင်းအရာ အမျိုးမျိုးကို ကျွန်တော်တို့ ကြားနေရသည်။
 
ရှေးယခင်ကလည်း သည်လို ဒုစရိုက်မျိုး ရှိပါသည်။ ခုလောက်မဆိုးဘူးဟု ထင်ပါသည်။ ယခုအခါမှာတော့ သည် ဒုစရိုက်မှုများသည် ပိုပို၍ ဆိုးလာပါသည်။ မတော်မတရား ပြုကျင့်သော မုဒိမ်းမှုလို အမှုများက နယ်အစုံမှာ ကြားနေရသည်။ အဖေအရင်းက သမီးအရင်းကို မုဒိမ်းကျင့်သည်။ ပထွေးက ကျင့်သည်။ ဦးလေးတော်သူက ကျင့်သည်။ သည့်ထက်ဆိုးသည်က အရွယ်မျှမရောက်သေးသည့် ကလေးကို အတင်းအဓမ္မ မုဒိမ်းကျင့်သည် ဆိုသည်ကတော့ ပို၍ဆိုးရွားလှလေသည်။ ကျော်မကောင်း၊ ကြားမကောင်းသည့် ဖြစ်ရပ်များ ဖြစ်ပေသည်။ အဘယ့်အတွက်ကြောင့် ယခုလို ဒုစရိုက်မှုမျိုးကို လွယ်လွယ်နှင့် ကျူးလွန်နေကြပါလိမ့်ဟု တွေးမိသည်။ လူစိတ်တွေ မရှိကြတော့သည်လား။ လူစိတ်တွေ ပျောက်ပျက်ကုန်ကြ၍လား ကျွန်တော် တွေးမရပါချေ။
 
( ၃ )
 
ကားပေါ်ကအဆင်း အိမ်အပြန်လမ်းမှာ လူပြတ်သဖြင့် ပိုက်ဆံအိတ် လုပြေးသည်။ လက်ထဲကိုင်၍ စကားပြောနေသော ဟန်းဖုန်းကို လုပြေးသည်။ ဘဏ်ကနေ ငွေထုတ်ပြီး ထွက်အလာ ဆိုင်ကယ် ကယ်ရီယာထဲမှ ပိုက်ဆံထုပ်ကို အတင်းလုပြေးသည်။ ဆိုင်ထဲမှာ ဈေးရောင်းနေသည်ကို ဆိုင်ထဲဝင်၍ ဓားပြတိုက်သည်။ လုယက်သည်။ အဆင်မသင့်လျှင် အသက်ကိုပါ ရန်ရှာသွားနိုင်သည်။ ကားပေါ်မှာ အုပ်စုဖွဲ့ ခါးပိုက်နှိုက်သည်။ မြင်သူက မြင်သော်လည်း မပြောရဲပေ။ သူတို့က အုပ်စုများသဖြင့် ကာကွယ် တားမြစ်မည့်သူကို ရန်ရှာတတ်လေသည်။ သည့်အတွက် တော်ရုံနှင့် မပြောရဲကြတော့ချေ။ ကိုယ်နှင့်မဆိုင်သလို နေလိုက်သည်။ ဘာသိဘာသာ နေလိုက်သည်။ ဟီးရိုးမလုပ်ကြတော့။ သည့်အတွက် ကျူးလွန်သူတွေ ပို၍ အတင့်ရဲလာကြသည်။
 
လမ်းမှာ လူတစ်ယောက်ကို အုပ်စုလိုက် ၀ိုင်းရိုက်နေသည် မြင်တွေ့နေရသည် မတရားသဖြင့်မှန်း သိသော်လည်း ကိုယ်နှင့်မဆိုင်သလို နေလိုက်သည်။ ၀င်မပြောကြတော့ချေ။ ကြာလာတော့ ဘယ်သူတွေ ဘယ်နေရာမှာ ဘာဖြစ်ဖြစ် ကိုယ်နှင့်မဆိုင်သလို နေတတ်လာသည်။ အပြစ်ကျူးလွန်သူတွေကလည်း ဘယ်သူ့ကိုမျှ ဂရုမစိုက်တော့ပဲ ပိုအတင့်ရဲလာသည်။ ကိုမင်းကိုနိုင် ပြောသည့် စကားလေးတစ်ခွန်း သွားအမှတ်ရလိုက်သည်။ မတရားမှုတွေ၊ ဥပဒေမဲ့လုပ်ရပ်တွေကို ကိုယ်နှင့်မဆိုင်သလို မနေကြပါနဲ့တဲ့၊ အဲဒါ ကြာလာရင် ကိုယ့်အိမ်ရှေ့အထိ ရောက်လာပါလိမ့်မယ်လို့ သူပြောခဲ့ဖူးပါတယ်။ သူတစ်ပါး ဖြစ်နေတုန်းတော့ ကိုယ်နှင့်မဆိုင်သလို နေလို့ရလျှင် ရပေမည်။ ကိုယ့်သွေးကိုယ့်သား ကိုယ့်မိသားစုကို ထိပါးလာပြီဆိုလျှင်တော့ ကိုယ်လည်း နေလို့မရတော့။ ကိုယ်နှင့်ဆိုင်သူတွေလည်း ဘာသိဘာသာနေလို့ မရတော့ပေ။ မတရားမှုက ကိုယ့်အိမ်ရှေ့ရောက်လာပြီ ဖြစ်သည်။ ကျွန်တော်တို့ ဘာလုပ်ကြမည်လဲ၊ သညအတိုင်း ကိုယ်နှင့်ဆိုင်သလို ထိုင်ကြည့်နေဦးမည်လား ကျွန်တော် သိချင်မိပါသည်။
 
ယခုတော့ ကိုယ့်အသားကို ထိခိုက်လာလေပြီ။ ထိုင်ကြည့်နေ၍ မရတော့ပေ။ ကျွန်တော်တို့ အားလုံး ဥပဒေ၏ အကာအကွယ်ကို အထူးလိုအပ်လာကြလေပြီ။ ဥပဒေ၏ အစောင့အရှောက်ကို လိုချင်လာသည်။ မိမိတို့၏ ပတ်ဝန်းကျင်မှ ဥပဒေမဲ့လုပ်ရပ်များသည် မိမိတို့၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံမှုကိုပင် တိုက်ရိုက် ခြိမ်းခြောက်စိန်ခေါ်လာလေပြီ ဖြစ်သည်။ ယခုကဲ့သို့သော တရားဥပဒေမဲ့ ဖြစ်ရပ်များ ကျွန်တော်တို့၏ ပတ်ဝန်းကျင်ထဲမှာ ကြိမ်ဖန်များစွာ ဖြစ်လာသောအခါ ပြည်သူတို့၏ စိတ်ထဲ၌ မလုံခြုံသလို၊ အကာအကွယ်မဲ့သလို ခံစားလာကြရသည်။ တစ်ယောက်နှင့် တစ်ယောက်၊ တစ်ဦးနှင့်တစ်ဦးကိုပင် မယုံကြည်ရဲလောက်အောင် သံသယစိတ်တွေ ဖြစ်လာကြသည်။ တလောကပင် တက္ကစီငှားစီးရင်း၊ တက္ကစီမောင်းသူနှင့် ထိုထိုသော ဒုစရိုက်မှု အကြောင်း၊ လုယက်မှုများအကြောင်း စကားစပ်မိ၍ ပြောကြသောအခါ သူကလည်း ပြန်ပြောပါသည်။ ကျွန်တော်တို့ကလည်း ကားငှားသည့်အခါ တက္ကစီမောင်းသူအပေါ် သံသယစိတ် ၀င်သလိုပင် တက္ကစီမောင်းသူကလည်း သူ့ကားကို ငှားစီးသည့် ခရီးသည်ကို သံသယစိတ်ဝင်တတ်ပါသည်ဟု သူကဆိုလေသည်။ ဒုစရိုက်အမှုကို ကျူးလွန်မည့်သူများကတော့ နေရာအစုံ၊ နယ်ပယ်အစုံမှာ ရှိလေသည်။ သူတို့ကလည်း ပုံစံအမျိုးမျိုးနှင့် ပြစ်မှုကျူးလွန်ရန် ကြံစည်ကြလေသည်။ အငှားကား မောင်းသည့်သူ အသွင်နှင့်လည်း ဖြစ်နိုင်သည်။ ခရီးသည် အသွင်နှင့်လည်း ဖြစ်နိုင်သည်။ ထို့အပြင် လူအများ ယုံကြည်နိုင်သော၊ ယုံကြည်လွယ်သော အခြားပုံစံအမျိုးမျိုးနှင့်လည်း ရှိနိုင်လေသည်။
 
မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန်တွင် ကျွန်တော်တို့ ပြည်သူ့ဘ၀ လုံခြုံမှုရရှိရန်မှာ အလွန်အရေးကြီးလာပါပြီ။ နိုင်ငံတော်တွင် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ပေးနေသည့် တရားဥပဒေအတွင်းက အရာရှိမင်းတို့၏ တာဝန်သည် ပို၍အရေးကြီးလာသလို သည့်ထက်ပို၍ ကာကွယ်စောင့်ရှောက်နိုင်ဖို့လည်း လိုအပ်လာပါပြီ။ ထို့အတူ ကျွန်တော်တို့သည် ကျွန်တော်တို့ မိသားစုများ၏ လုံခြုံရေးအတွက် အကာအကွယ်ရရေးကို သတိ ၀ီရိယရှိရန် လိုအပ်သလို ကျွန်တော်တို့ ပြည်သူအချင်းချင်းလည်း မိမိတို့၏ အိမ်ရှေ့မှာ ဖြစ်ပေါ်နေသော ဥပဒေမဲ့လုပ်ရပ်များကို ကိုယ်နှင့်မဆိုင်သလို နေတတ်ကြသည့် အလေ့ကို ဖျောက်၍လိုအပ်လာလျှင် အားလုံး လက်တွဲ၍ မိမိတို့ ပတ်ဝန်းကျင်များထဲတွင် ဖြစ်ပေါ်နေသော မတရားမှုများကို အတူတူ ကူညီဖြေရှင်းကြဖို့ လိုအပ်ပါကြောင်း စေတနာကောင်းဖြင့် နှိုးဆော်လိုက်ရပါတော့သည်။
 
လင်းသက်ခိုင်
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.