ဒီမိုကရေစီ အုတ်မြစ် // ရဲစွမ်းလက် //

ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ ကျွန်တော်တို့ရဲ့ နားထဲမှာ ချိုမြိန်ခဲ့တာ ကြာပါပြီ။ နိုင်ငံတွေကလည်း ဒီမိုကရေစီရဲ့ အရသာကို သောက်သုံးနေကြတာ ကြာနေကြပြီ။ ကျွန်တော်တို့ အနေနဲ့ ဒီမိုကရေစီရဲ့ အရသာဟာ ချိုမြိန်လား၊ ခါးသက်သက်လား ဆိုတာကို သိနိုင်ဖို့ ခက်ခဲခဲ့ကြတယ်။ ဒီမိုကရေစီနဲ့ ပတ်သက်လို့ လေ့လာမှု၊ သုံးသပ်မှုဆိုတာလည်း ကျွန်တော်တို့ ရပ်ဝန်းမှာ ခေတ်မစားဘူး။ နားထဲမှာသာ ချိုမြိန်ခဲ့တဲ့ ဒီမိုကရေစီဟာ လက်တွေ့နဲ့ အရမ်းကို ဝေးနေခဲ့တယ်။ တော်လှန်ရေးအတွက် ကြိုးစားခဲ့သူတွေ ရှိခဲ့သလို ဒီမိုကရေစီအတွက် တိုက်ပွဲဝင်လာခဲ့သူတွေ ရှိလာခဲ့တယ်။ တော်လှန်ရေးသမားတွေရဲ့ ကြိုးစားမှုရလဒ်အဖြစ် လွတ်လပ်ရေးဆိုတာ ပေါ်လာခဲ့တယ်။ နှစ်တစ်နှစ်မှာ လွတ်လပ်ရေးနေ့ တစ်နေ့ဆိုတာ ရှိလာခဲ့တယ်။ ဒီလိုပဲ။ ဒီမိုကရေစီသမားတွေရဲ့ ကြိုးစားမှုရလဒ်ဟာလည်း ကျွန်တော်တို့ နိုင်ငံထဲမှာ ပေါ်ပေါက်လာခဲ့တယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းကို ရောက်လာခဲ့တယ်။ ကျွန်တော်တို့ နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းထက် ရောက်လာတာဟာ အနေအထား တစ်ရပ်အနေနဲ့ နှစ်ဆက်မြောက် ရှိလာခဲ့ပြီ။ ဒီအချိန်မှာ ဒီမိုကရေစီဆိုတဲ့ စကားဟာ ကျွန်တော်တို့ ရပ်ဝန်းတိုင်းမှာ ရေပန်းစားလာတယ်။ ဒီမိုကရေစီကို အဓိပ္ပာယ်မျိုးစုံ ဖွင့်လာကြတယ်။ လွတ်လပ်မှုဟာ ဒီမိုကရေစီ၊ လွတ်လပ်မှုဆိုတာ ဘာကိုခေါ်တာလဲ။ ကျွန်တော်တို့တွေ ယောင်ဝါးဝါးပဲ။ ဥပဒေ လွှမ်းမိုးမှုဟာ ဒီမိုကရေစီ။ ဘယ်ဥပဒေက ဘယ်လို လွှမ်းမိုးတာကို ဒီမိုကရေစီခေါ်လဲ။ ကျွန်တော်တို့ နှုတ်အစုံဟာ ဆွံ့အခဲ့ကြတယ်။ ကျွန်တော်တို့တွေဟာ ရရှိထားတဲ့ အထုပ်တစ်ထုပ်ကို ဖွင့်မကြည့်ဘဲ အထဲမှာရှိတဲ့ ပစ္စည်းကို စိတ်ထင်တိုင်း ခန့်မှန်းနေကြသလို ဖြစ်နေခဲ့ကြတယ်။
 
ဒီမိုကရေစီဆိုတဲ့ အထုပ်ကို ကျွန်တော်တို့ ရရှိထားကြပြီ။ ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ဆိုတဲ့ အထဲက ပစ္စည်းကို ကျွန်တော်တို့ ဖွင့်ကြည့်ဖို့ လိုအပ်လာပြီ။ အထုပ်ကိုပိုက်ပြီး ခန့်မှန်းနေခြင်းထက် ဖွင့်ကြည့်တာက ကျွန်တော်တို့အတွက် ပိုပြီး သေချာပါလိမ့်မယ်။ ဒီမိုကရေစီဆိုတာ ဘ၀ထဲမှာလည်း ရှိတယ်။ မိသားစုထဲမှာလည်း ရှိတယ်။ စီးပွားရေးထဲမှာလည်း ရှိတယ်။ လူမှုရေးထဲမှာလည်း ရှိတယ်။ နိုင်ငံရေးထဲမှာလည်း ရှိတယ်။ နေရာတိုင်းမှာ ဒီမိုကရေစီ ရှိပါတယ်။ အတိအလင်း ကျော်ကြားနေတဲ့ ဒီမိုကရေစီကတော့ နိုင်ငံရေးထဲက ဒီမိုကရေစီပါပဲ။ နိုင်ငံရေး ဒီမိုကရေစီကနေ လှမ်းကြည့်ရင် အရေးပေါင်းများစွာမှာရှိတဲ့ ဒီမိုကရေစီကို မြင်နိုင်တယ်။ နိုင်ငံတစ်ခုမှာ နိုင်ငံရေးဆိုတာ အမြင့်ဆုံး မျှော်စင်ပါ။ စီးပွားရေး စတဲ့ အရေးပေါင်းများစွာဟာ နိုင်ငံရေးဆိုတဲ့ မျှော်စင်အောက်မှာ ဖွဲ့သီထားတဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ နိုင်ငံရေး အဆင်ပြေရင် ကျန်တာအားလုံးအဆင်ပြေသလို အရာအားလုံး အဆင်ပြေခြင်းကို နိုင်ငံရေး အဆင်ပြေခြင်းလို့လည်း ခေါ်ပါတယ်။
 
နိုင်ငံရေးဆိုတဲ့ တံဆိပ်အောက်မှာ အုပ်ချုပ်ရေးပါတယ်။ ဥပဒေပြုရေး ပါတယ်။ တရားစီရင်ရေး ပါတယ်။ ဒီသုံးမျိုးကို နိုင်ငံရေးလို့ ဆိုရမှာပါပဲ။ ကမ္ဘာ့သမိုင်းထဲမှာ လူတိုင်းဟာ ဒီသုံးမျိုးနဲ့ နိုင်ငံရေးကို ကြိုးပမ်းခဲ့ကြတယ်။ ကျင့်သုံးတဲ့ စနစ်အနေနဲ့တော့ မတူညီဘူး။ စနစ်ကို ဘုရင်စနစ်၊ အာဏာရှင် စနစ်၊ ဒီမိုကရေစီစနစ်လို့ သုံးမျိုးခွဲကြည့်ရမှာ ဖြစ်ပါသည်။ ကမ္ဘာ့သမိုင်းမှာ ဘုရင်စနစ်ကနေ နိုင်ငံရေးကို အစပြုခဲ့တယ်။ ဘုရင်ဟာ အုပ်ချုပ်မှုယန္တရားကိုလည်း စီမံတယ်။ အုပ်ချုပ်တယ်။ ဥပဒေပြုရေး ယန္တရားကိုလည်း စီမံတယ်။ ကြိုးကိုင်တယ်။ အုပ်ချုပ်တယ်။ တရားစီရင်ရေးကိုလည်း စီမံတယ်။ ကြိုးကိုင်တယ်။ အုပ်ချုပ်တယ်။ အားလုံးဟာ ဘုရင့်လက်ထဲမှာ ရှိတယ်။ နိုင်ငံ၏ နယ်နိမိတ်အတွင်းရှိ ရေ၊ မြေ၊ တောတောင် အရာအားလုံးကို ဘုရင်ပိုင်တယ်။ နိုင်ငံမှာ နေထိုင်တဲ့ ပြည်သူတွေဆိုတာ ဘုရင့်လက်ခုပ်ထဲက ရေပဲ။ ဘုရင်သွန်ချလိုက သွန်ချလို့ရတယ်။ ဘုရင် မှောက်ချလိုက မှောက်ချလို့ရတယ်။ ထားလိုက ထားလို့ရတယ်။ ပြည်သူဟာ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာကို ထားဦး၊ ကိုယ့်အသက်ကိုတောင် ကိုယ်မပိုင်ကြဘူး။
 
ဥပဒေရေးဆွဲခြင်းဆိုတာ ဘုရင်ပါးစပ်ပဲ။ ဘုရင်ပါးစပ်က ထွက်တာအားလုံးဟာ ပြဋ္ဌာန်းပြီးသား ဥပဒေဖြစ်နေတတ်တယ်။ တရားစီရင်ရေးမှာလည်း ဘုရင်စီရင်ချက်ကို ဘယ်သူမှ ငြင်းဆန်ခွင့် မရှိရဘူး။ မှန်တာ၊ မမှန်တာ ဆုံးဖြတ်လို့ မရဘူး။ ဘုရင်စီရင်ချက်ချလိုက်တာ မှန်သမျှ အမှန်ဖြစ်ရတယ်။ အတည်ယူရတယ်။ အုပ်ချုပ်ရေးမှာလည်း အမွေခံသဘောနဲ့ အုပ်ချုပ်တယ်။ အဖေဘုရင်ဆိုရင် သားလည်း ဘုရင်ဖြစ်လာတယ်။ မင်းမျိုးမင်းနွယ်တွေဟာ မင်းပဲဖြစ်ကြတယ်။ အမွေခံသား ရှိနေရင် တခြားသူ ဘယ်သူမှ ဘုရင်ဖြစ်ခွင့် မရှိဘူး။ ပြည်သူတွေက ဘုရင်ရွေးခွင့် မရှိဘူး။ မှူးမတ်၊ သေနာပတိ ဘယ်သူမှ ဘုရင်ကို ရွေးပိုင်ခွင့် မရှိဘူး။ အားလုံးဟာ ဘုရင်ကို ကြောက်ကြရတယ်။ ဘုရင့်မျက်နှာကို ကြည့်နေကြရတယ်။ ဘုရင်အမျက်ထွက်ရင် အသက်ပါသေနိုင်တယ်။ ဘုရင်သဘောကျင် သူဌေးသူကြွယ်လည်း ဖြစ်နိုင်တယ်။ ရာထူးကြီးကြီးမားမားလည်း ရနိုင်တယ်။ ဘုရင့်မျက်နှာဟာ နိုင်ငံ့မျက်နှာ ဖြစ်တယ်။ ဘုရင့်မျက်နှာဟာ ပြည်သူအားလုံးရဲ့ မျက်နှာလည်း ဖြစ်တယ်။ ဘုရင်စနစ်ကို သက်ဦးဆံပိုင် စနစ်လို့လည်း ဆိုတယ်။ အာဏာရှင်စနစ်လို့လည်း ဆိုတယ်။
 
တဖြည်းဖြည်း ကမ္ဘာ့သမိုင်းဟာ ရှည်လျားလာတဲ့အခါ ဘုရင်စနစ်ကို မလိုလားဖြစ်လာတယ်။ တစ်ယောက်တည်း အုပ်ချုပ်တာထက် အများနဲ့အုပ်ချုပ်မှုကို သဘောကျလာကြတယ်။ သမိုင်းပေး တာဝန်အရ၊ ပြောင်းလဲတဲ့ ခေတ်ကာလအရ အများနဲ့ အုပ်ချုပ်ဖို့ ကြိုးစားလာကြတယ်။ အောင်မြင်မှုရလာတဲ့ အခါ အုပ်စုဖွဲ့ အုပ်ချုပ်မှု ဖြစ်လာတယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေကို လူတစ်စုကပဲ အုပ်ချုပ်လာတယ်။ အုပ်ချုပ်လာတဲ့ လူတစ်စုဟာ နိုင်ငံရေး အမြတ်ထုတ်လာတယ်။ လူတစ်စု ကောင်းစားရေးအတွက်ပဲ အလုပ်လုပ်လာတယ်။ နိုင်ငံ ကောင်းစားရေး၊ နိုင်ငံသူ၊ နိုင်ငံသား ကောင်းစားရေးအတွက် အလုပ်မလုပ်ဘူး။ နိုင်ငံနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေကို ဖိနင်းပြီး အလှသရဖူ ဆောင်းလာကြတယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြဋ္ဌာန်းရေးကို လူတစ်စုက ကိုယ်ပိုင်ပစ္စည်း လုပ်ကြတယ်။ အမှားထောက်သူကို အာဏာပြတယ်။ အမှန်ပြောသူကို လက်နက်ထောက်တယ်။ ကမ္ဘာ့သမိုင်းမှာ အာဏာရှင်စနစ် ပေါ်ပေါက်လာတယ်။ ဘုရင် အာဏာရှင်စနစ်ကနေ စစ်အာဏာရှင်စနစ်ဆီ ပြောင်းလာတယ်။ တစ်ယောက်တည်း စိုးမိုးတဲ့စနစ်ကနေ အုပ်စုလိုက် စိုးမိုးမှုဖြစ်လာတယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေ အတွက် ပြောင်းလဲမှုမရှိခဲ့ဘူး။ အကျိုးရှိမှု နည်းပါးခဲ့တယ်။ ဒီစစ်အာဏာရှင်စနစ်ကိုလည်း ပြောင်းလဲဖို့ ကြိုးစားရာက ဒီမိုကရေစီစနစ်ဆီ ရောက်ရှိလာတာ ဖြစ်တယ်။
 
ကမ္ဘာမှာ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့တာဟာ ဂရိနဲ့ ရောမဖြစ်တယ်။ ဒီမိုကရေစီဆိုတာကိုက ဂရိဘာသာစကားဖြစ်တယ်။ ဂရိဘာသာ စကားမူရင်းမှာ ဒီမိုကရက်တိုစ် (Demos Kratos) ဖြစ်တယ်။ ဒီမိုဆိုတာ ပြည်သူများလို့ အဓိပ္ပာယ်ရတယ်။ ကရက်တိုစ်ဆိုတာ အုပ်ချုပ်မှုလို့ အဓိပ္ပာယ်ရတယ်။ ပြည်သူများ အုပ်ချုပ်တဲ့စနစ်ဟာ ဒီမိုကရေစီဖြစ်တယ်။ ပြည်သူက အစိုးရကို အုပ်ချုပ်တာ၊ အစိုးရက ပြည်သူကို အုပ်ချုပ်တာမဟုတ်ဘူး။ အစိုးရက ပြည်သူတွေကို အုပ်ချုပ်နေတာဟာ ဒီမိုကရေစီမဟုတ်ဘူး။ ဒီမိုကရေစီဆိုတာ ပြည်သူလူထုကို ဗဟိုပြုတဲ့ စနစ်တစ်ခုဖြစ်တယ်။ ဒီမိုကရေစီမှာ ပြည်သူလူထုဟာ အဓိကပဲ။ ပြည်သူလူထု တစ်ယောက်စီဟာ ဒီမိုကရေစီရဲ့ သွေးကြောတစ်မျှင်ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံရေး ရွေ့လျားမှု၊ အသက်ဝင်မှုဟာ ပြည်သူတွေလက်ထဲမှာ ဖြစ်တယ်။ ဒါကြောင့်မို့ အမေရိကန်သမ္မတဟောင်း အီဘရာဟင်လင်ကွန်းက ဒီမိုကရေစီရဲ့ အခြေခံသဘောထားကို ဒီလိုပြောခဲ့တယ်။
 
`ဒီမိုကရေစီဆိုတာ ပြည်သူတွေက ပြည်သူတွေနဲ့ ပြည်သူတွေအတွက် လုပ်တဲ့ နိုင်ငံရေးဖြစ်တယ်´
 
ဒီမိုကရေစီကို အစပြုခဲ့တဲ့ ဂရိနဲ့ ရောမတို့ဟာ ဒီမိုကရေစီစနစ်ကို သေချာစွာ ကျင့်သုံးမှု မရှိကြဘူး။ ခေတ်ရေစီးကြောင်းမှာ ကျွန်စနစ်က ထင်ပေါ်ကျော်ကြားခဲ့တယ်။ ပြည်သူဆိုတဲ့ နယ်ပယ်ထဲမှာ ကျွန်တွေအတွက် နေရာမရှိဘူး။ ပြည်သူတွေ လွတ်လပ်ရေး ရခဲ့တယ်။ အခွင့်အရေး မျိုးစုံရခဲ့တယ်။ ကျွန်တွေအတွက် ဘာမှထူးခြားမှု မရှိခဲ့ဘူး။ ကျွန်တွေမှာ ပြည်သူဆိုတဲ့ တံဆိပ် မရခဲ့ဘူး။ ကျွန်ကို အိမ်မွေး တိရစ္ဆာန်တွေ စာရင်းသွင်းခဲ့ကြတယ်။ သက်မဲ့ပစ္စည်း ဥစ္စာသဘောထားခဲ့တယ်။ သခင့်အလိုကျ ကျွန်တွေ နေထိုင်ခဲ့ရတယ်။ သခင်တွေဟာ စိတ်ကြိုက်အလုပ်ခိုင်းတယ်။ လူလို မကျွေးဘူး။ တိရစ္ဆာန်လို ကျွေးတယ်။ လူလိုမထားကြဘူး။ တိရစ္ဆာန်တွေလို လှောင်အိမ်ထဲ ထားကြတယ်။ ကျွန်တွေဟာ လူတွေပါပဲ။ လူဖြစ်ပြီး လူတစ်ယောက်ရဲ့ ပကတိ အခွင့်အရေးကို မရရှိခဲ့ဘူး။ ပြည်သူတွေ ဖြစ်ပေမယ့် ပြည်သူတွေရဲ့ အခွင့်အရေးကို မရရှိခဲ့ဘူး။ ကျွန်တွေဘက်က ကြည့်ရင် ဂရိနဲ့ ရောမတို့ရဲ့ နိုင်ငံရေးက ပြည်သူတွေက ပြည်သူတွေနဲ့ ပြည်သူ့အတွက် လုပ်ခဲ့တဲ့ နိုင်ငံရေး မဖြစ်ဘူး။ ဒီမိုကရေစီ မဟုတ်ဘူး။ ကျွန်တွေကလွဲပြီး ပြည်သူဘက်က ကြည့်ရင် ဂရိနဲ့ ရောမတို့ရဲ့ နိုင်ငံရေးဟာ ဒီမိုကရေစီဖြစ်ခဲ့တယ်။ ပြည်သူတွေက ပြည်သူတွေနဲ့ ပြည်သူ့အတွက် လုပ်တဲ့ နိုင်ငံရေးဖြစ်ခဲ့တယ်။ ကောက်ချက်ပြုရရင် ဂရိနဲ့ ရောမတို့ရဲ့ နိုင်ငံရေးဟာ တစ်ခြမ်းပဲ့ ဒီမိုကရေစီပါပဲ။
 
ဒီမိုကရေစီရဲ့ အနှစ်သာရကို နှစ်ပေါင်းများစွာ ရှာဖွေခဲ့ကြတယ်။ စနစ်တွေကို ကောင်းသထက်ကောင်းအောင် ပြုလုပ်ခဲ့ကြတယ်။ ခေတ်သစ်ကာလ ရောက်လာတဲ့အခါ ဒီမိုကရေစီဟာ ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ ဒီမိုကရေစီ တိုးတက်လာတဲ့ နိုင်ငံရေးထဲမှာ အင်္ဂလန်ဟာ အစောဆုံးဖြစ်တယ်။ အင်္ဂလန် ဒီမိုကရေစီဟာ ၁၁ ရာစုက စတင်ခဲ့တယ်။ ဒုတိယ တိုးတက်လာတဲ့ နိုင်ငံဟာ အမေရိကန် ဖြစ်တယ်။ ဒီမိုကရေစီ တိုးတက်လာတာနဲ့ ဒီမိုကရေစီ ပညာရှင်တွေလည်း ပေါ်ထွန်းလာခဲ့တယ်။ သက္ကရာဇ် ၁၇၆၂ ခုနှစ်မှာ ရုဆိုးအမည်ရှိတဲ့ ဒီမိုကရေစီ အတွေးခေါ် ပညာရှင်တစ်ယောက် ရှိခဲ့တယ်။ သူ့နာမည်အပြည့်အစုံ (Jean – Jacques R- Ousseau) ဖြစ်တယ်။ ဆွစ်ဇာလန်ဇာတိဖြစ်ပြီး ပြင်သစ်မှာ နေထိုင်သူဖြစ်တယ်။ သူက ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ထုတ်ခဲ့တယ်။ သူထုတ်ခဲ့တဲ့ စာအုပ်တွေထဲမှာ `လူ့ဘောင်အဖွဲ့အစည်း သဘောတူစာချုပ်အဆို´ စာအုပ်ဟာ နာမည်ကျော်ခဲ့တယ်။ ထိုစာအုပ်မှာ အချုပ်အခြာအာဏာနဲ့ ပတ်သက်လို့ အောက်ပါအတိုင်း ရေးသားခဲ့တယ်။
 
`မည်သည့် နိုင်ငံတွင်မဆို အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံတွင် ရှိရမည်ဖြစ်၍ ပြည်သူအများ၏ ဆန္ဒ နှင့် ရေးသားထားသည့် ဥပဒေကို အစိုးရ၏ အလုံးစုံသော အခြေခံအဖြစ် ထားရမည်´
 
ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ဟာ ပြည်သူတွေပဲဖြစ်၏။ အချုပ်အခြာအာဏာလည်း ပြည်သူတွေလက်ထဲမှာ ဖြစ်တယ်။ ဥပဒေပြုရေးဟာလည်း ပြည်သူတွေ လက်ထဲမှာ ဖြစ်တယ်။ ဒီမိုကရေစီ ခေတ်ထဲ ရောက်လာတဲ့ ကျွန်တော်တို့တွေဟာ နိုင်ငံရေးကို စိတ်မ၀င်စားလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုရင် နိုင်ငံရေးဟာ ကျွန်တော်တို့လက်ထဲမှာ ရှိနေလို့ဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံရေးကို စိတ်မ၀င်စားရင် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီဟာ ခရီးမတွင်ဘဲ ရှိနေလိမ့်မယ်။ ဒီမိုကရေစီကို အကောင်အထည်ဖော်ရာမှာ နောက်ကောက်ကျနေလိမ့်မယ်။ အချောင်သမားတွေရဲ့ အချောင်ခိုမှုတွေနဲ့ အခွင့်ရေးသမားတွေရဲ့ အခွင့်အရေးယူမှုတွေနဲ့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီဟာ ထွက်ပေါ်ခါနီးမှ ပျောက်ကွယ်သွားရတဲ့ လမင်းကြီးလို ဖြစ်သွားနိုင်ပါတယ်။ မဲပေးခွင့်ရှိသူအားလုံး နိုင်ငံရေးမှာ တာဝန်အပြည့်ရှိတယ်ဆိုတဲ့ အကြောင်း ထပ်လောင်းပါရစေ။
 
ရဲစွမ်းလက်
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.