အတောမသတ်ဘဲ ပေါများနေတယ် // အေးလွင် (ကသာ) //

လက်ရှိ မြန်မာနိုင်ငံ၌ အပေါများဆုံး ထွက်ကုန်ပစ္စည်းကို ပြောပါဟုဆိုလျှင် မူးယစ်ဆေးဝါးဟု ပြောလျှင် ရနိုင်မည် ထင်ပါ၏။ အဘယ်ကြောင့်ဆိုသော် ဖမ်းမိလိုက်သည့် မူးယစ်ဆေး တန်ဖိုးများမှာ တစ်ခါမိသည့် တန်ဖိုးများ ကပင် သိန်းသောင်းချီ၍ မီလီယံ၊ ဘီလီယံအထိ တန်ဖိုးရှိသောကြောင့်ပင် ဖြစ်၏။ နေရာအနှံ့ ဖမ်းမိသော ပမာဏကိုကြည့်ရင်း မဖမ်းမိဘဲ လွတ်မြောက်သွားသည့် ပမာဏက အဘယ်မျှလောက် များမည်လဲ မတွေးရဲအောင်ပင် ဖြစ်ရ၏။
 
မြန်မာနိုင်င၌ လက်နက်ကိုင် ပဋိပက္ခများကြောင့် မငြိမ်းချမ်းသော ဒေသများနှင့် လုံခြုံမှုမရှိသော ဒေသများတွင် မူးယစ်ဆေးဝါးကို ထုတ်လုပ်ဖြန့်ချိကြသည်ကို တွေ့ရမည်ဖြစ်၏။ ဥပဒေစိုးမိုးမှုမရှိ၍ မတည်ငြိမ်သော ဒေသများတွင် ဒေသခံအများစုမှာ ဆင်းရဲကြ၏။ ဆင်းရဲခြင်းကြောင့် စားနပ်ရိက္ခာ ပြသ၁နာဖြေရှင်းနိုင်ရန် ဘိန်းစိုက်ပြီး လုပ်ကိုင်ဖို့ တွန်းအားပေးသလို ဖြစ်ရ၏။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့၌ ဘိန်းစိုက်ပျိုးမှု ရှိရခြင်းမှာ ဤလိုအပ်ချက်များ ကြောင့်ပင် ဖြစ်၏။
 
ယခုတော့ မူးယစ်ဆေး ထုတ်လုပ်ဖြန့်ချိ ရောင်းချခြင်းသည် အလွန်တရာ ကြီးမားသော ဈေးကွက်ကြီး ဖြစ်လာတော့သည်ကို တွေ့မြင်ရမည်ဖြစ်၏။ ဖမ်းမိသည့် စိတ်ကြွဆေးပြား တန်ဖိုးများကို ကြည့်လိုက်သည်နှင့် သာမန် လူချမ်းသာပင် မတတ်နိုင်သည့် အရင်းအနှီးပမာဏဖြစ်သည်ကို တွေ့ရ မည်ဖြစ်သလို ပါဝင်ပတ်သက်သူတို့၏ ကြွယ်ဝမှုကိုလည်း မခန့်မှန်းနိုင် အောင် ရှိသည်ဖြစ်၏။
 
အမြတ်အစွန်း အလွန်တရာကြီးမားသည့် စီးပွားရေးလုပ်ငန်း ဖြစ်လာ သည်မို့ တစ်ယောက်ဖမ်းမိ၊ နှစ်ယောက်လုပ်ပြီး နှစ်ယောက်ဖမ်းမိ ၊ လေးယောက်လုပ် ဆိုသလိုဖြစ်လာ၍ မူးယစ်ဆေး ထုတ်လုပ်ဖြန့်ချိသည့် ပင်ရင်းကို မဖြိုနိုင်သရွေ့ ဖြေရှင်းနိုင်ဖို့ မလွယ်ဖြစ်နေ၏။ အဖမ်းခံရပြီး ထောင်ထဲရောက်လာသူ များလာ၍ ထောင်မဆန့်အောင်သာ ဖြစ်ရမည်။ အပြင်လောက၌ ရောင်းဝယ်သုံးစွဲမှုကတော့ မလျော့ဘဲ တိုးပွားနေမည် သာ ဖြစ်၏။
 
ဤလို မူးယစ်ဆေး ထုတ်လုပ်ဖြန့်ချိ နေမှုကြောင့် နိုင်ငံတကာ၌ နာမည်ဆိုးနှင့် ကျော်ကြားရ၏။ ပြည်တွင်း၌ သုံးစွဲသူ လူငယ်များ၏ အနာဂတ်များလည်း ကြေမွသွားတော့၏။ နောင်တစ်ချိန် လူကြီးဖြစ်မည့် လူငယ်များ လေလွင့်ပျက်စီးမှုသည် အနာဂတ် နိုင်ငံတော်အတွက် လူ့စွမ်းအား အရင်းအမြစ် ဆုံးရှုံးရသည်မို့ တိုင်းပြည်အလိုက် နစ်နာရ၏။
 
မူးယစ်ဆေးသုံးစွဲသူ လူငယ်တို့၏ မိဘများစွာတို့မှာလည်း မျက်ရည်စက်လက်ဖြင့် သားသမီးဆိုးတို့၏ ဒဏ်ကို လှိမ့်နေအောင် ခံကြရ၏။ ဆေးဝါးသုံးစွဲနိုင်ဖို့ ငွေကြေးရှာကြရင်း ပြစ်မှုများကို ကျူးလွန်လာကြတော့၏။ ကျွန်တော်တို့ ကျောင်းသားဘ၀ ကာလကလည်း နံပါတ်ဖိုးခေါ် ဘိန်းဖြူပေါများခဲ့သည့် အချိန် ကြုံခဲ့ရဖူး၏။ ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ လူငယ်များ မူးယစ်သားကောင်ဘ၀ ကျရောက်ပြီး သူတို့ဘ၀များကို စောစီးစွာ ဇာတ်သိမ်းသွားခဲ့ကြ၏။ ကျွန်တော်တို့နှင့် နီးကပ်သော ကချင်ပြည်နယ်မှာဆိုလျှင် ပိုဆိုးသေး၏။ ဖိုးသမား၊ ဘိန်းစားဖြစ်ကြသော သားသမီးများကြောင့် မိဘများမှာ စည်းစိမ်ပျက်၊ စိတ်ဆင်းရဲကြီးစွာ သောကအပူကို ခံစားခဲ့ရ၏။ ကျောက်စိမ်းတွင်း၊ ရွှေတွင်း ဒေသများမှာ ငွေပေါသလို ဘိန်းဖြူ၊ ဘိန်းမဲ ကလည်းပေါလှသဖြင့် ကြီးပွားရေးအတွက် ငွေသွားရှာကြရင်း ဖိုးသမားဘ၀ဖြင့် နိဂုံးချုပ်သွားရသည်။ လူငယ်များမှာ မရေမတွက်နိုင်အောင် ဖြစ်ခဲ့ရ၏။ ဥပဒေမစိုးမိုးသည့် ဒေသ၊ ငွေပေါရာအရပ် ဖြစ်သည်မို့ မူးယစ်ဆေး ရောင်းဝယ်မှု၊ သုံးစွဲမှုက ပြောင်ပြောင်တင်းတင်း ဖြစ်သည်ကို တအံ့တသြ မြင်ခဲ့ရဖူး၏။ လူတစ်ယောက် ဘိန်းစားဘ၀ ကျရောက်သည်နှင့် ထိုလူ၏ ဘ၀မှာ အောက်ကျသွားသည်ကို မြင်ရပြီး သံဝေဂ ရဖြစ်သွားသဖြင့် မူးယစ်ဆေးကို ရှောင်ဖြစ်ခဲ့ခြင်း ဖြစ်၏။ ကချင်ပြည်နယ်ရှိ တောထဲတွင် ရွှေကျင်သွားရင်း မူးယစ်ဆေးစွဲသူများ ဘ၀ကို လေ့လာကြည့်မိ၏။ မိုးလင်းသည်နှင့် ဆေးသုံးနိုင်ဖို့အတွက် ငွေရှာကြ၏။ ရသည်နှင့် ဆေးသုံးကြ၏။ စားသောက်ဖို့ထက် ဆေးသုံးနိုင်ဖို့သာ ရှာကြသည်မို့ အာဟာရပြတ်ကြပြီး မျက်စိရှေ့တွင်ပင် လူရုပ်မပီ ဖြစ်လာကြ၏။ လိမ်ညာတောင်းရမ်းပြီး ဆေးဖိုးရှာကြသလို လစ်ရင်လစ်သလို ခိုးဝှက်၍ ဆေးဖိုးရှာကြရာ မိရင်မိသလို ရိုက်နှက်ထုထောင်းသည့် ဒဏ် ခံရသည်ကို မြင်တွေ့မိ၏။
 
ဖိုးသမားတစ်ယောက်သေလျှင် မည်သူမျှ အရေးလုပ်မနေဘဲ နီးရာ ကျင်းဟောင်းထဲပစ်ချပြီး မြေဖို့မြှုပ်သည်ကို မြင်ရသောအခါ ဆေးစွဲသူတို့၏ လူ့ဂုဏ်သိက္ခာမရှိအောင် အောက်ကျရသည့်အဖြစ်များကို တွေ့မြင်ခဲ့ရ၏။ မြို့ပေါ်ရှိ လူငယ်အချို့ ဖိုးစွဲပြီး ကိုယ့်ပတ်ဝန်းကျင်တွင် မနေနိုင်သောအခါ ရွှေမှော်၊ ကျောက်မှော်များသို့ သွားပြီး ထိုဒေသများတွင် ဘ၀အဆုံးသတ်သွားသူ များစွာရှိခဲ့၏။ ထိုစဉ်က စိတ်ကြွ မူးယစ်ဆေးပြား မပေါ်သေးပေ။
 
ယခုနောက်ပိုင်းတော့ ထိုစဉ်ကာလတုံးကထက် ပိုပေါများသွားပြီဖြစ်၏။ ဘယ်နေရာ သွားသွား တွေ့ရမည်ဟု ပြောရမည်ဖြစ်၏။ ကျေးလက်တောနေ လူငယ်များပင် နယ်စပ်ဒေသသို့ အလုပ်သွားလုပ်ရင်း အိမ်အပြန် ငွေမပါဘဲ ဆေးစွဲပြီး ပြန်လာရသူများ ရှိလာ၏။ ကျေးလက်နေသူများ၏ စာရိတ္တပင် မူးယစ်ဆေးကြောင့် ပျက်ကြရ၏။
 
မြစ်ကြီးနား တက္ကသိုလ်ဝင်းထဲ ဆေးသုံးစွဲထားသည့် အပ်များတွေ့ရသည့် သတင်း ကြားစဉ်က စိတ်မကောင်းကြီးစွာ ဖြစ်ရ၏။ တက္ကသိုလ်ဆိုသည်မှာ အဆင့်မြင့်ပညာများ သင်ကြားပြီး လောက၀န်းကျင်သို့ ဂုဏ်သရေရှိစွာဝင်ရန် စတင်သည့် နေရာဖြစ်၏။ သို့သော် နိမ့်ကျသည့် ပညာရေးကို စရိတ်ကြီးမားစွာ သင်ကြားရင်း လမ်းပျောက်သည့် လူငယ်များက မူးယစ်ဆေးသုံးသောအခါ အသက်ပျောက်သည်အထိ ဖြစ်သွားမည်ဖြစ်၏။
 
ယခုနောက်ပိုင်း ပို၍ ကြောက်စရာကောင်းလာသည့် အဖြစ်မှာ မူးယစ်ဆေး သယ်လာသူကို လက်နက်နှင့်တကွ ဖမ်းမိခြင်း သတင်းများဖြစ်၏။ လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးရောင်းချသူများကို ဖမ်းမိသော သတင်းများ ဖတ်ရလျှင် ကြောက်ရွံ့စိတ်က ပေါ်လာ၏။ အမြတ်အစွန်းကြီးမားသော လုပ်ငန်းလုပ်သည်မို့ ငွေရလျှင် ဘာမဆိုလုပ်မည့်သူ၏ လက်ထဲတွင် လက်နက်ရှိနေခြင်းမှာ အလွန်ထိတ်လန့်စရာ ကောင်းလှပေသည်။ တန်ဖိုးကြီးမားလှသော မူးယစ်ဆေးဖမ်းမိသည့်အခါ သယ်ယူပို့ဆောင်သူကိုပဲ အများဆုံးဖမ်းမိ၍ နောက်ကွယ်မှ ပိုင်ရှင်အစစ်အမှန်ထိ မဖမ်းနိုင်သေးခြင်းနှင့် ပိုင်ရှင်မဲ့ ဖမ်းမိနေရခြင်းတို့က မူးယစ်ဆေးဝါး ရောင်းချနေမှုကို နှိမ်နင်းဖို့ အရာမရောက်သေးသလို ဖြစ်နေရ၏။ နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသူများကို ဖမ်းမိမှသာ မူးယစ်ဆေးဝါးနှိမ်နင်းရေး အောင်မြင်နိုင်မည် ဖြစ်၏။ ယခုတော့ ဘယ်လောက်တန်ဖိုးကြီးမားသည့် ပမာဏဖြစ်ပါစေ၊ ဖမ်းမိသူများမှာ သယ်ယူပို့ဆောင်သူများသာ ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်၏။
 
ပြည်သူများ ပါဝင်သော မူးယစ်ဆေးဝါး ဆန့်ကျင်သည့် အဖွဲ့များက လှုပ်ရှားမှုပြုကြ သော်လည်း ရောင်းဝယ် သုံးစွဲမှုကတော့ မလျော့သေးသည်ကို တွေ့မြင်ရမည်ဖြစ်၏။
 
ဆက်သွယ်ရေး ကောင်းမွန်လာသော ခေတ်တွင် ပစ္စည်းကို တစ်နေရာ ဖွက်ထားသည်။ လူက တစ်နေရာ နေသည်။ ဖုန်းဖြင့်ဆက်သွယ်ပြီး နေရာတစ်ခု သတ်မှတ်ကာ ရောင်းဝယ်ကြသဖြင့် ဖမ်းမိဖို့ကလည်း မလွယ်ဟု ဆိုရမည်ဖြစ်၏။ ရွှေထွက်သော ဒေသတစ်ခုတွင် ဖုန်းဖြင့် မဆက်သွယ်ဘဲ တောထဲ၌ သူ့သေင်္ကတဖြင့်သူ သတ်မှတ်ပြီး တောထဲ ပစ္စည်းထားသည်။ ၀ယ်သူကလည်း ပစ္စည်းယူပြီးနောက် ငွေထားသွားသည်ဟု သိရသည်။ တစ်ယောက်တလေ ဖမ်းမိ၍ ဖုန်းကွန်တက်ကိုစစ်ပါက ခြေရာမခံနိုင်အောင်ဟု ကြားသိရသောအခါ အံ့သြရတော့၏။
 
တာဝန်သိပြည်သူများကလည်း သတင်းပေးဖို့ စိတ်မရဲဖြစ်ရေ၏။ နောက်ကြောင်းမအေးဟု စိတ်ထဲထင်ရသောကြောင့် ဖြစ်၏။ တာဝန်သိ၍ တာဝန်ရှိသည်ဟု ယူဆပြီး တောထဲ၌ ထမင်းထုပ်၊ ကွမ်းထုပ်ဖြင့် ရှစ်ရက်ကြာ ကင်းထောက်ပြီး သတင်းပေးခဲ့သဖြင့် ၂၀၁၆ ခု၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် WY စိတ်ကြွဆေးပြား ၁၄ သန်းကျော် ဖမ်းမိခဲ့ရ၏။ ပဲခူးတိုင်း အနောက်ခြမ်း ပန်းတောင်းမြို့နယ်၊ ညောင်ဂျိုးဂိတ်တွင် ဖြစ်၏။ သတင်းပေးသူကိုရာဇာဟိန်း၏ လက်ရှိအခြေအနေမှာ စားဝတ်နေရေး ကျပ်တည်းလာကြောင်း ဂျာနယ်တစ်ခုတွင် ဖတ်မိတော့ စက်ချုပ်သင်တန်းသို့ သင်တန်းလာတက်ရဲသူ မရှိတော့သဖြင့် သင်တန်းရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။ မူးယစ်ရာဇာများ၏ လက်စားချေမှာစိုး၍ သူတိုပ စက်ဆိုင်သို့ပင် လူသိပ်မလာတော့ကြောင်း ညှိုးငယ်စွာ ဖွင့်ပြောသံကို ကြားရသောအခါ စိတ်မကောင်း ဖြစ်ရ၏။ ပို၍ စိတ်မကောင်း ဖြစ်ရသည်မှာ ကိုရာဇာဟိန်းတို့ မိသားစုမှာ ဂုဏ်ပြုချီးမြှင့်လွှာများ ရခဲ့သော်လည်း ရခဲ့သော ဆုကြေးငွေများမှာ အနည်းငယ် မဖြစ်စလောက်သာ ဖြစ်နေခြင်းဖြစ်၏။ ယခုတော့ သူတို့၏ လူမှုဘ၀မှာ ကျဉ်းမြောင်းသွားပြီး ဟိုဟိုဒီဒီ မသွားရဲသည့် အဖြစ်ကို ကြုံနေရသည်ဟု ဆို၏။ ကြောက်စိတ်ဖြင့်သာ နေထိုင်ရသော သူတို့အဖြစ်မှာ သနားဖွယ်ဖြစ်နေရပြီ ဖြစ်၏။ ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်တွင် မေးခွန်းမေးခဲ့ရာ ဂုဏ်ပြုခံရသူကို ချီးမြှင့်ရန် အစီအစဉ်မရှိပါဟု သက်ဆိုင်ရာမှ ပြန်လည်ဖြေကြားခဲ့ရာ တာဝန်သိ၍ တာဝန်ရှိပြီး မူးယစ်ဆေးဝါး ဖမ်းမိနိုင်အောင် ကြိုးစားသတင်းပေးခဲ့သူ အနေဖြင့် ဘယ်လောက် ခံစားရမလဲ တွေးမြင်နိုင်၏။ ဤအဖြစ်အပျက်များက တာဝန်သိမည့် ပြည်သူများအတွက် သင်ခန်းစာ ကောင်းများ ဖြစ်၍ သတင်းပေးမည့်သူ မရှိ ဖြစ်သွားစေနိုင်သည်ကို သတိပြုရမည်ဖြစ်၏။
 
မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ တိုင်းပြည်ရှိ လူငယ်များအတွက် မူးယစ်ဆေးကင်းစင်နိုင်ဖို့ အရေးကြီး လှပေသည်။ ထိထိရောက်ရောက် အရေးယူဖမ်းဆီးပြီး အပြစ်ပေးနိုင်ဖို့ လိုအပ်နေ၏။ အစိုးရနှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ချိနေသူများကို လူထုတော်လှန်ရေးကြီးပမာ ဆင်နွှဲနိုင်မှသာ မူးယစ်ဆေး ကင်းစင်သော နိုင်ငံဖြစ်လာမည်ဟု ထင်မြင်မိပါသည်။
 
အေးလွင် (ကသာ)
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.