ဘာသာရေး၊ လူမျိုးရေးအရေခြုံ အပြင်ရန် နှင့် အတွင်းရန် // ဖြိုးဝေ(မဟာဝိဇ္ဇာ) //

လတ်တလော ရခိုင်ပြည်နယ်မှာ အပြင်ရန်ကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့သလို နိုင်ငံတစ်ဝန်းက မြို့ကြီးတွေမှာ အကြမ်းဖက် တိုက်ခိုက် မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ သတင်းနဲ့ 9/11 ဂျီဟတ် ကောလာဟလ တွေကြောင့် လူအများကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေချိန်မှာပဲ တိုက် တိုက်ဆိုင်ဆိုင် တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလို နောက်ထပ် စိုးရိမ်ပှုပန် စရာ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
 
စက်တင်ဘာလ ၁၀ ရက်ညပိုင်းက တောင်တွင်းကြီးမြို့မှာ အကြမ်းဖက်မှု ဆန်ဆန် အုပ်စုဖွဲ့ဆူပူရမ်းကား ဖျက်ဆီးမှုကြောင့် အစ္စလာမ်အချို့ရဲ့ နေအိမ်နဲ့ ဆိုင်ခန်းအချို့ ဖျက်ဆီးခံရသလို လူစုလူဝေး ဖြစ်ပွားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က အင်အားသုံးကာ လူစုခွဲခဲ့ရပါတယ်။
 
အုပ်စုဖွဲ့ ဆူပူမှုမှာပါဝင်ခဲ့တဲ့ လူတွေထဲက အချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိလို့ စစ်ဆေးတဲ့အခါမှာတော့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက် နေတဲ့ ARSA အကြမ်းဖက်သမားတွေရဲ့ လုပ်ဆောင်မှုကို မကျေနပ်လို့
လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။ အဲဒီထွက်ဆိုချက်အရ သူ အကြမ်းဖက်လို့ ပြန်အကြမ်းဖက်တယ်ဆိုတဲ့ သဘော ဆောင်နေပါတယ်။
 
*** နောက်ကွယ်ကလူ...
.
 
တကယ်တော့ ယခုလို လူအုပ်စုဖွဲ့ ဆူပူမှုဟာ ယခုမှပထမဆုံးအကြိမ် ဖြစ်ပွားတာ မဟုတ်ပါဘူး။ အရင်က မြန်မာနိုင်ငံ မြို့ကြီးအချို့မှာ မကြာ ခဏဖြစ်ပွားခဲ့တဲ့ လူအုပ်စုဖွဲ့ဆူပူမှုတွေကို ကြည့်လိုက်ရင်လည်း ဘယ်က ပေါ်လာမှန်း၊ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ လူတစ်စုကပဲ ဘာသာခြားတွေရဲ့ နေအိမ်အဆောက်အုံတွေ၊ ဆိုင်ခန်းတွေနဲ့ ဗလီတွေကို ဖျက်ဆီးခဲ့ကြဖူးပါတယ်။
 
ဒါပေမဲ့ အဲဒီလူအုပ်ကြီးကို အဲဒီလိုပြုမှုအောင် လုပ်ဆောင်ခဲ့တဲ့ နောက်ကွယ်က အကြောင်းတရား ၊တစ်နည်း နောက်ကွယ်က လူကို မဖော်ထုတ်နိုင်ခဲ့တဲ့အတွက် အလားတူဖြစ်စဉ်မျိုး ဖြစ်တိုင်း လူအများကြားမှာ လက်သည် တရားခံအဖြစ်`ဒေါသထွက်နေသော လူအုပ်ကြီး'နဲ့ `နောက်ကွယ်က ကြိုးကိုင်သူ'ဆိုတဲ့ စကားတွေနဲ့သာ နှစ်သိမ့်ခဲ့ရပြီး ဘယ်သူမှန်း၊ ဘာကြောင့်မှန်း မသိဘဲ ပုစ္ဆာအဖြစ်သာ ကျန်ခဲ့ရတာ အစဉ်အလာလို ဖြစ်ခဲ့ပါတယ်။
 
အဲဒီပုစ္ဆာရဲ့အဖြေကို ရှာကြတဲ့အခါမှာ အချို့ကတော့ နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင်၊ တည်ဆဲအစိုးရကို အကြပ်ရိုက်အောင် နိုင်ငံရေးကစားကွက်လို့ ဆိုကြသလို အချို့ကတော့ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းက တစ်ဆင့် နိုင်ငံရေးဆူပူအုံကြွမှု ဖြစ်အောင်၊ တိုင်းပြည် မတည်မငြိမ်ဖြစ်အောင် စနစ်တကျ အကွက်ချ လုပ်ကြံမှုလို့လည်း ဆိုကြပါတယ်။
 
အချို့ကတော့ လူတွေရဲ့သွေးဆူလွယ်မှု၊ စိုးရိမ်လွယ်မှုနဲ့ ထိလွယ်ရှလွယ်တဲ့ ဘာသာရေး၊ လူမျိုးရေးနဲ့ လှုံ့ဆော်လွယ်မှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုး စီးပွားအတွက် နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် လုပ်ကြံမှုလို့လည်း ဆိုကြပါတယ်။
 
ဒီတစ်ကြိမ် တောင်တွင်းကြီး ဖြစ်စဉ်မှာတော့`သူအကြမ်းဖက်လို့ ကိုယ်အကြမ်းဖက်တာ' ဆိုတဲ့ အဖြေက တစ်ခုပါ ထပ်တိုးလာတယ်လို့ ဆိုရပါမယ်။ အဖြေတွေအားလုံး သူ့နည်းသူ့ဟန် ဖြစ်နိုင်ပေမဲ့ စာရေးသူ အမြင်အရတော့ အပြင်ရန်နဲ့ အတွင်းရန် ခွဲပြောချင်ပါတယ်။
 
*** အပြင်ရန်လား...အတွင်းရန်လား
.
 
ရခိုင်ဖြစ်စဉ်မှာ ပြည်ပမီဒီယာ အပါအဝင် ကမ္ဘာက ဘယ်လိုပဲ လိုရာဆွဲပုံဖော်နေပေမဲ့ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလို မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူတွေကတော့ ကိုယ့်မြေကိုယ့်ရေ ကိုယ့်အချုပ်အချာ အာဏာကို အကြမ်းဖက် စော်ကားတိုက်ခိုက်လာတဲ့ အပြင်ရန်မှန်း သိထားပြီး ဖြစ်ပါတယ်။ ဘာသာရေး၊ လူမျိုးရေးလည်း မဟုတ်သလို လူမျိုးတုံး သတ်ဖြတ်မှုလည်း မဟုတ်ပါဘူး။
 
ဘာသာရေး၊ လူမျိုးရေး အရေခြုံထားတဲ့ အပြင်ရန်သူတွေရဲ့ အကြမ်းဖက်မှုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အမြင်မှာတော့ အပြင်ရန်က သူရဲကောင်းလို၊ သနားစရာ သားကောင်လို ပုံဖော်ခံနေရတာ အများအသိပဲ ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ပြည်တွင်းမီဒီယာတွေရဲ့ အသံက နိုင်ငံတကာကို မပေါက်သလို နိုင်ငံတကာ မီဒီယာကိုလည်း ကိုယ့်အသံက မလွှမ်းနိုင်ဘဲ အမှန်တရားက မုဒိမ်းကျင့်ခံနေရလို့ ကူသူမဲ့ ဖိအားအမျိုးမျိုး ရင်ဆိုင်နေရချိန်မှာ တောင်တွင်းကြီး ဖြစ်စဉ်ကြောင့် နဂိုကတည်းက တလွဲပုံဖော်ခံနေရတဲ့ နိုင်ငံအတွက် မီးလောင်ရာ လေပင့်လိုက်သလိုဖြစ်ပြီး နိုင်ငံပုံရိပ် ပိုပြီးထိခိုက် ဆိုးရွားသွားစေနိုင်ပါတယ်။
 
တစ်နည်းပြောရရင် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဇာတ်နာပြနေတဲ့ အပြင်ရန်ကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ရင်ဆိုင် နေရချိန်မှာ
အတွင်းရန်က တစ်စခန်းထလာတယ်လို့ ဆိုရမှာပါ။ တကယ်တော့ အတွင်းရန်က ရခိုင်မှာ အပြင်ရန်ပြသ၁နာဖြစ်ပြီး မြို့ကြီးတွေမှာပါ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းထွက်ပြီး ကတည်းက ပျိုးနေခဲ့တာပါ။ (ဒါပေမဲ့ နိုင်နိုင်နင်းနင်း မတားဆီးနိုင်ခဲ့သလို ဖော်ထုတ် အရေးယူနိုင်တာမျိုးလည်း မရှိခဲ့ပါဘူး။)
 
ဖေ့စ်ဘုတ်အကောင့်တွေ၊ pageတွေ၊ မက်ဆန်ဂျာတွေကနေ ယုံကြည်ကိုးကွယ်မှုနဲ့ လူမျိုးမတူသူတွေအကြား အပြန်အလှန် စိုးရိမ်မှုတွေနဲ့ သွေးဆူမှုတွေ ဖြစ်လာအောင် ကောလာဟလတွေနဲ့ နည်းအမျိုးမျိုး လှုံ့ဆော်မှုတွေ ကြောင့် 9/11 မှာ ဂျီဟတ်လုပ်လိမ့်မယ်၊ ခုတ်ချထစ်ချ၊ အကြမ်းဖက်ကြလိမ့်မယ် ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက် နေချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆယ်ရက်နေ့မှာ တောင်တွင်းကြီးဖြစ်စဉ် ဖြစ်ခဲ့တာဖြစ်ပါတယ်။ အရင် ဆူပူမှုတွေနဲ့ ပုံစံတူပဲ ဘာသာရေး၊ လူမျိုးရေးအသွင် ဆောင်တဲ့ပုံစံမျိုးနဲ့ ဘာသာခြားတွေကို အကြမ်းဖက် တိုက်ခိုက်တာပဲ ဖြစ်ပါတယ်။
 
ထိလွယ်ရှလွယ်တဲ့ ဘာသာရေး၊ လူမျိုးရေးကြောင့် သွေးဆူလို့ပဲ လုပ်လုပ်၊ သွေးဆူအောင် လှုံ့ဆော်ပေးလို့ပဲ လုပ်လုပ်၊ နောက်ကွယ်က နိုင်ငံရေးနဲ့ ကိုယ်ကျိုးစီးပွားကြောင့် နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် လုပ်တယ်ပဲဆိုဆို အေးချမ်းစွာ နေထိုင်နေတဲ့ အပြစ်မဲ့သူတွေကို အကြမ်းဖက်သူဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတဲ့ အတွင်းရန်သူပဲ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေး အာဏာအတွက် ရွေးကောက်ပွဲအပါအဝင် မှန်ကန်တဲ့ နည်းလမ်းနဲ့ ယှဉ်ပြိုင်လို့ရနေချိန်မှာ နိုင်ငံရေးဖြတ်လမ်းနည်းနဲ့ ခြေထိုးသလို ယုတ်မာတဲ့ နည်းလမ်းမျိုးအတွက် ဘာသာရေး၊ လူမျိုးရေးကို အရေခြုံနေတာမျိုး ဖြစ်ခဲ့မယ်ဆိုရင်တော့ တော်တော်အန္တရာယ်ရှိတဲ့ ရန်သူလို့ ဆိုရမှာဖြစ်ပါတယ်။
 
သေချာကတော့ အပြင်ရန်ကြောင့်ဖြစ်တဲ့ အကြမ်းဖက်မှုဟာ အချိန်ကာလတစ်ခုမှာ ပြေလည်သွားနိုင်ပေမဲ့ နိုင်ငံရေး ရည်ရွယ်ချက်ကြောင့်ပဲ ဖြစ်ဖြစ်၊ ကိုယ်ကျိုးစီးပွားအတွက်ပဲ ဖြစ်ဖြစ် ထိလွယ်ရှလွယ်တဲ့ ဘာသာရေး၊ လူမျိုးရေး အရေခြုံထားတဲ့ အကြမ်းဖက်မှု ဆန်ဆန် ဆူပှုတဲ့သူတွေ၊ ဆူပူအောင် လှုံ့ဆော်တဲ့သူတွေနဲ့ ကြိုးကိုင်တဲ့ သူတွေကတော့ တစ်ဦးတစ်ယောက်ချင်း ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပွဲလှန့်တုန်းဖျာခင်း ဆိုသလို တိုင်းပြည်မှာ ထိလွယ်ရှလွယ်တဲ့ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင် အရေးကိစ္စ ဖြစ်လာတိုင်း ပေါ်လာနိုင်တဲ့အတွက် အဲဒီရန်သူကို လုံးဝမနှိမ်နင်းနိုင်တောင်၊ နောက်ထပ် ပေါ်မလာအောင်၊ ပေါ်လာရင်လည်း ကြီးထွားပြီး ထိခိုက်မှုတွေ မများအောင် ပြီးခဲ့တဲ့ဖြစ်စဉ်တွေကနေ သင်ခန်းစာယူပြီး ကြိုတင်ကာကွယ်နည်းတွေ၊ ဖြစ်လာရင် ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ့် နည်းလမ်းတွေကို အမြန်ဆုံး လုပ်ဆောင်သင့်ပြီ ဖြစ်ပါတယ်။ အေးချမ်းစွာ နေထိုင်လိုတဲ့ ပြည်သူတွေအနေနဲ့လည်း သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ကောလာဟလတွေကို ခွဲခြားသိမြင်ဖို့လိုသလို အပြင်ရန်လား၊ အတွင်းရန်လား ခွဲခြားသိထားဖို့လိုပါတယ်။
 
ဒါမှသာ အပြင်ရန်၊ အတွင်းရန်တွေရဲ့ သားကောင်ဖြစ်သွားနိုင်တဲ့ ဘေးကကင်းဝေးနိုင်ရုံမက ကိုယ်တိုင်လည်း မီးလောင်ရာ လေပင့်ပေးတဲ့ အတွင်းရန်သူ ဖြစ်သွားနိုင်တဲ့ ဘေးမှ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား အားလုံး ဘာသာရေး၊ လူမျိုးရေး အရေခြုံ အပြင်ရန်၊ အတွင်းရန် အမျိုးမျိုးကနေ အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေ။
 
ဖြိုးဝေ(မဟာဝိဇ္ဇာ)
The Ladies News

 

Vote: 
Average: 5 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.